ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ် အင်အား ၃၀ လောက်က အောက်လေးလမ်းဆုံမှ စစ်ကြောင်းထိုးလာစဉ် ဝင်ဝကျေးရွာအနီးမှာ KIA/PDF က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “စစ်တပ်က အင်အား ၃၀ လောက်ရှိတယ်။ အောက်လေးလမ်းဆုံဘက်ကနေ စစ်ကြောင်းထိုးလာတာ။ အဲ့ဒါ ဝင်ဝနားအရောက်မှာ KIA နဲ့ PDF အဖွဲ့က စောင့်ပြီးတိုက်တယ်။ တိုက်ပွဲက တနာရီလောက်ကြာတယ်။ နှစ်ဖက် ထိခိုက်သေဆုံး ရှိမရှိတော့ သေချာမသိရဘူး” လို့ ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ ရွှေကူအခြေစိုက် ခမရ ၆၀၂ တပ်နဲ့ ခလရ ၅၆ တပ်ရင်း အင်အား ၃၀ ခန့်ဟာ ဝင်ဝကျေးရွာအနီးမှာ KIA/PDF က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။