မက္ကဆီကိုနိုင်ငံ ထမ်မောလိပက်စ်ပြည်နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃၁ ဦးကို ဘေးကင်းလုံခြုံစွာ ကယ်တင်နိုင်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အာမယ်ရိကို ဗီလာရီးရဲလ်ကို ကိုးကားပြီး ပြည်ထဲရေးဝန်ကြီး လူဝစ်ဆာ အယ်လ်ကာလ်ဒီက ဇန်နဝါရီ ၃ ရက်က လူမှုမီဒီယာမှာ ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က အမည်မသိ သေနတ်သမားတွေဟာ အမေရိကန်နယ်စပ်အနီးရှိ ရီနောက်ဆာမြို့က အဝေးပြေးလမ်းမပေါ်မှာ ဘတ်စ်ကားစီးလာတဲ့ လက်တင်အမေရိက ရွှေ့ပြောင်းနေထိုင်သူ အများစုကို ဖမ်းခေါ်သွားခဲ့တာပါ။
ဘတ်စ်ကားဟာ တက္ကဆက်ပြည်နယ် ဘရောင်းန်စ်ဗီးလ်ကနေ မာထာမော်ရိုစ်ကို ဦးတည်မောင်းနှင်နေခဲ့တာ ဖြစ်ပါတယ်။
ခိုလှုံခွင့်ရှာဖွေသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ အင်အားကြီး ရာဇဝတ်ဂိုဏ်းတွေ အသီးသီး အာဏာအပြိုင်အဆိုင် လုနေကြတဲ့ ထမ်မောလိပက်စ် နယ်စပ်ဒေသ အထူးသဖြင့် ရီနောက်ဆာမြို့မှာ ပြန်ပေးဆွဲမှုတွေ အများအပြား မြင့်တက်လာနေတဲ့အပေါ် လပေါင်းများစွာ သတိပေးနေခဲ့တာပါ။
ရီယို ဂရန်ဒီကို ဖြတ်သန်းပြီး အမေရိကန်ထဲကို နည်းမှန်လမ်းမှန်မဟုတ်ဘဲ ဖြတ်ကျော်ဖို့ ကြိုးစားကြတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကို-အမေရိကန်နယ်စပ်မှာ ပြည့်ကျပ်နေပါတယ်။
၂၀၂၃ ခုနှစ်မှာ ရွှေ့ပြောင်းသွားလာသူ စံချိန်တင်အရေအတွက်ဟာ ဗဟိုအမေရိကနဲ့ မက္ကဆီကိုကို ဖြတ်သန်းပြီး ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးပြီး အမေရိကန်ပြည်ထောင်စုကို ရောက်ရှိဖို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source/Photo-Reuters