၂၀၂၀ ပြည့်နှစ်က အမေရိကန် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အီရန် ထိပ်တန်းတပ်မှူး ကာဆမ်ဆိုလေမာနီ အတွက် အောက်မေ့ပွဲ အခမ်းအနားမှာ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးကာ လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အီရန် အရာရှိတွေက ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။
အရှေ့တောင်ပိုင်း ကာမန်မြို့ရှိ ဆိုလေမာနီကို မြှုပ်နှံထားတဲ့ အာဇာနည်ဗိမာန်မှာ နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန်အတွင်း ပထမပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာ နောက်ထပ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြပါတယ်။
ဆိုလေမာနီ ကွယ်လွန်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရာနဲ့ချီတဲ့ အီရန်နိုင်ငံသားတွေ စုဝေးခဲ့ကြတဲ့ အခမ်းအနားမှာ ဒဏ်ရာရသူတွေဆီ လခြမ်းနီ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိနေပုံကို ပြသထားပါတယ်။
ပေါက်ကွဲမှုတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဖြစ်ရတာလို့ ကာမန်ပြည်နယ်မှ ဒေသခံအရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ပါတယ်။
အရာရှိတဦးကတော့ အကြမ်းဖက်သမားတွေဟာ ဖောက်ခွဲရေးပစ္စည်းတွေကို အဝေးကနေ ဖောက်ခွဲခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန IRNA ကို ပြောပါတယ်။ သုသာန်ကိုသွားတဲ့လမ်းမှာ ဂက်စ်ဘူး အများအပြား ပေါက်ကွဲခဲ့တာဖြစ်ကြောင်း အစိုးရကြီးကြပ်မှုတဝက်ပါဝင်တဲ့ နူရ်သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဗုံးပေါက်ကွဲမှုအတွက် ဘယ်သူကမှ တာဝန်ရှိတယ်လို့ မပြောသေးပါဘူး။ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာတော့ အနည်းဆုံး လူ ၁၀၃ ဦး သေဆုံးပြီး ၂၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံထားပြီး ဒါဟာ အီရန်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်ကြောင်း ပြောသွားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဒီအောက်မေ့ပွဲအခမ်းအနားမှာ ဇန်နဝါရီ ၃ ရက်က ဖောက်ခွဲတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကို တာဝန်ခံဖို့ တောင်းဆိုထားပါတယ်။
အမေရိကန် အိမ်ဖြူတော်ကတော့ ဒီဗုံးခွဲမှု ၂ ခုရဲ့နောက်ကွယ်မှာ အစ္စရေး ရှိနေတယ်ဆိုတဲ့ ဘာအရိပ်အယောင်မှ မတွေ့ရှိရကြောင်း အောက်လွှတ်တော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
Source/Photo-Reuters