မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ထဲမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးအပါအဝင် နိုင်ငံခြားသား ၂၈ ဦးကို ဇန်နဝါရီ ၃ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ဂျိုဟိုပြည်နယ်၊ စကူဒိုင်ဒေသမှာ တရားမဝင်နိုင်ငံခြားသားတွေရှိတယ်လို့ သတင်းရလို့ မနေ့ မနက် ၁ နာရီလောက်မှာ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာ တရားမဝင် မြန်မာအမျိုးသား ၉ ဦး၊ အမျိုးသမီး ၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆ ဦး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတို့ကို စစ်ဆေးချက်အရ သူတို့ဟာ တလလျှင် မလေးရှားငွေ ရင်းဂစ် ၄၅၀ မှ ၇၅၀ ပေးကာ အခန်းငယ်တွေ ငှားနေထိုင်ကြပြီး အနီးနားမှာရှိတဲ့ ဈေးတွေနဲ့ ကုန်တိုက်တွေမှာ အလုပ်လုပ်ကိုင်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
မလေးရောက်မြန်မာနိုင်ငံသားတဦးက “မလေးမှာ ဒီဇင်ဘာကနေ စပြီး တောက်လျှေက် ဖမ်းဆီးနေတာ ၂၀၀ ကနေ ၃၀၀ လောက်ရှိနေပြီး။ သူတို့ဖမ်းတဲ့အချိန်တွေက မနက် ၁ နာရီ ၂ နာရီ အိပ်မောကျနေချိန်တွေပဲ ရွေးဖမ်းတာ။ တရားမဝင်နေထိုင်လို့ ဖမ်းဆီးခံရတဲ့သူတွေကို သူတို့ ဘယ်လို ဆက်လုပ်မယ်ဆိုတာတော့ သေချာမသိဘူး။ ပုံမှန်အတိုင်း ထောင်ချပြီး မြန်မာပြည်ထဲ ပြန်ပို့မယ်ထင်တယ်” လို့ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကို မလေးရှား လူဝင်ကြီးကြပ်ရေးဥပဒေတွေ ပုဒ်မ ၆(၁)(ဂ) နဲ့ ပုဒ်မ ၁၅(၁)(ဂ) နဲ့ အရ အရေးယူသွားမယ်လို့ မလေးရှား လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပါတယ်။
ကွာလာလမ်ပူမြို့မှာလည်း ဒီဇင်ဘာ ၃၀ ရက်က မြန်မာနိုင်ငံသား ၇၅ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၅၆၇ ဦးကို မလေးလူဝင်ကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။