မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရဖို့နဲ့ နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က တောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်ထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်၊ တည်ငြိမ်မှုနဲ့ လုံခြုံရေးတို့ကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်တယ်လို့လည်းပြောပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလိုတဲ့ ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း အသိအမှတ်ပြုဖို့လည်း ဝန်ကြီးဘလင်ကန်က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်အနေနဲ့ မြန်မာပြည်သူလူထုအပေါ်မှာ အစဥ်တစိုက် ထောက်ခံအားပေးခဲ့ပြီး စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုတခုဆီ တည်ဆောက်နိုင်မယ့် အနာဂတ်ကို ကိုယ်တိုင်သတ်မှတ်လျှောက်လှမ်းနိုင်ရေး အားပေးထောက်ခံနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ရည်ရွယ်ချက်ရှိရှိ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက နိုင်ငံသာယာဝပြောမှုကို ပြန်လည်ရရှိဖို့၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ရည်မှန်းချက်တွေရောက်ရှိဖို့ မြန်မာပြည်သူလူထုတွေရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ယုတ်လျော့မသွားစေနိုင်ကြောင်းနဲ့ အားထုတ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းပူဆွေးပြီး သူတို့ကို လေးစား ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။
လတ်တလော မြန်မာနိုင်ငံဒေသအနှံ့မှာ စစ်မီးတောက်လောင်နေပေမယ့် စစ်အုပ်စုကတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းသယောင် ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ ကျင်းပတာ၊ ပုံမှန်အတိုင်း ကျောင်းတွေ ဖွင့်လှစ်တာတွေအပြင် ရွေးကောက်ပွဲကိုဖိအားပေးကျင်းပဖို့ စီစဉ်နေပါတယ်။
Photo-US Embassy