ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းရှိ “ဆုဇင်” အိမ်မွေးတိရစ္ဆာန်ဂေဟာ(Su Zin Pet Hotel) မှာ ဇန်နဝါရီ ၃ ရက် ညပိုင်း ၇ နာရီ မိနစ် ၄၀လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဂေဟာမှာ မွေးမြူစောင့်ရှောက်ထားတဲ့ ကြောင်အကောင် ၂၀ ကျော်နဲ့ ခွေး ၁၀ ကောင်ကျော်မှာ လှောင်အိမ်ထဲ ပိတ်မိနေခဲ့လို့ မီးခိုးမွှန်၊ မီးလောင် သေဆုံးသွားခဲ့ပြီး ဂေဟာ တထပ်အဆောက်အဦတခုလုံး ပျက်စီးသွားခဲ့ပါတယ်။
မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ လောလောဆယ် အကောင် ၃၀ ကျော်တယ်။ ကြောင်က ပိုများတယ်။ အကောင် ၂၀ ကျော်မယ်။ လုံးဝ ဆွဲထုတ်လို့ မရတဲ့ဟာတွေတောင် ရှိတယ်။ ကြောင်တွေထားတဲ့ဘက်က မီးစွဲထားတာ ပိုများတယ်။ ဒဏ်ရာရအကောင်လေးတွေတော့ အသင်းတွေက ကယ်ပေးနေပါတယ်။ အဓိကတော့ ဒီမှာ လူစောင့်မရှိလို့ သေကုန်တာ၊ ဒီတခုလုံးကတော့ အကုန်လောင်သွားတယ်”လို့ ဆိုပါတယ်။
မီးလောင်တဲ့နေရာကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မီးသတ်ရဲ့ မီးသတ်ယာဉ်တွေ၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတို့က ရေသယ်ယာဉ်နဲ့အတူ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်ရောက်ရှိ မီးငြှိမ်းသတ်ချိန်မှာတော့ ဂေဟာမှာ ညစောင့်သူ မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး မီးသတ်နဲ့ အရပ်သားတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ည ၇ နာရီ ၅၇ မိနစ်လောက်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီလောက်မှာ မီးငြှိမ်းသွားပါတယ်။
ရပ်ကွက်နေသူတဦးက “ဘယ်ကစလောင်သလဲတော့ မသိဘူး။ မီးတောက်တွေ တက်လာတော့မှ လောင်မှန်း သိကြတာ။ အဲဒီအချိန် မီး(လျှပ်စစ်မီး)တော့ ပြတ်နေတယ်။ ဒီလို လောင်နေချိန် ပိုင်ရှင်တွေ လာတာတော့ တွေ့တယ်။ အခုတော့ ဒဏ်ရာရတဲ့ ခွေးလေးတွေရော ဘာမှမဖြစ်တဲ့ ခွေးတွေရော လှောင်အိမ်ထဲ ပြန်ထည့်သွားတယ်။ မီးကတော့ ငြိမ်းသွားပြီ”လို့ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းအမှန်နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပြီး ဂေဟာပိုင်ရှင်ကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်မယ်လို့ သိရတဲ့အပြင် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Su Zin Pet Hotel ကို ဖုန်းဆက် မေးမြန်းပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။
ရန်ကုန်မှာပဲ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီ မိနစ် ၅၀ မှာ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ယာဉ်ရပ်နားဝင်းအတွင်း ကွန်တိန်နာယာဉ် ၁ စီး မီးလောင်ခဲ့သလို ည ၇ နာရီ ၁၃ မိနစ်မှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ပြည်လမ်းအနီးက ၂ ထပ်အိမ်တလုံး မီးလောင်ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။