ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မနက်အထိရထားတဲ့စာရင်းအရ အနည်းဆုံး ၇၃ ယောက်ရှိလာပြီလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။
ဂျပန် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ရာသီဥတုအေးပြီး မိုးတွေသည်းနေတဲ့ကြားထဲက အပျက်အစီးတွေအောက် အသက်ရှင်ကျန်ရစ်နိုင်သူတွေကို အပူ ပြင်း ဆက်လက် ရှာဖွေနေပါတယ်။
ဒေသအာဏာပိုင်တွေရဲ့ တရားဝင်စာရင်းအရ ပျောက်ဆုံးသူ ၁၅ ယောက်လောက်ရှိနေပြီး ပြိုကျသွားတဲ့ အဆောက်အဦအောက်မှာ ပိတ်မိနေနိုင်တယ်လို့ ယူဆထားကြပါတယ်။
ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါစီရင်စုနဲ့ သူ့အနီးတဝိုက်မှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့လို့ ငလျင်ဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတွေမှာ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အီရှီကာဝါ စီရင်စုရှိ နိုတိုကျွန်းဆွယ်မှာ နောက်ဆက်တွဲ အင်အားပြင်းငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာကြောင့် နိအိဂါတာ၊ တိုယမ၊ ဖူကူအီနဲ့ ဂီဖှူ အပါအဝင် အိမ်နီးချင်း စီရင်စုတွေမှာ လူတွေထိခိုက်သေဆုံးဒဏ်ရာရ၊ အဆောက်အအုံတွေ မီးလောင်၊ ဓာတ်အားပြတ်တောက်မှုနဲ့ လမ်းတွေ၊ နေအိမ်တွေ ပြိုကျ ပျက်စီးမှုနဲ့ ကြုံတွေ့နေရတာပါ။
အဆိုးရွားဆုံး ငလျင်ဒဏ်ခံဒေသ တခုဖြစ်တဲ့ နိုတိုကျွန်းဆွယ်ရှိ ကာရှိမာဂျီ မြို့တွင်းမှာ ဓာတ်ဆီဆိုင်အများအပြားကို ပိတ်ထားပါတယ်။ ရောင်းချသူတွေက ခွဲတမ်းပမာဏနဲ့ ရောင်းချပြီး ဒေသခံတွေကလည်း ဆိုင်မဖွင့်ခင်ကတည်းက ခပ်စောစော တန်းစီနေကြရပါတယ်။
ဂျပန်နိုင်ငံမှာ တနင်္လာနေ့ ကတည်းက အနည်းဆုံးငလျင် ၁၅၅ ကြိမ်လှုပ်ခတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ လူအသေအပျောက် အများဆုံး ငလျင်ဖြစ်ပါတယ်။
Source/Photo-Reuters