ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ်အနီး တောထဲမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂ သိန်းကျော်၊ ပြောင်းရှည်သေနတ် ၁ လက်နဲ့ ကျည်ဆန်တွေပါ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် တပ်မ ၃ လက်အောက်ခံ အမှတ် ၃၂၀၁ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ နှစ်သစ်ကူး ကာလ နယ်စပ်ဒေသ ဒုစရိုက်မှုနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးအပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေကို ၂၀၂၃ ဒီဇင်ဘာ ၂၄ မှ ၂၀၂၄ ဇန်နဝါရီ ၇ ရက်နေ့ကာလအတွင်း စီမံချက်နဲ့ စောင့်ကြပ် နှိမ်နင်းနေရာမှာ ဇန်နဝါရီ ၂ ရက် မနက် ၆ နာရီခွဲလောက်က မဲ့အိုင်းမြို့နယ် ထာ့ဒွန်းအုပ်စု ဘန့်ကိန်တုမ်ရွာအနီး တောအုပ်ထဲမှာ မသင်္ကာဖွယ်အိတ်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအိတ်မှာ မြွေရေခွံအိတ်ကို ကျောပိုးအိတ်လို ပြန်လုပ်ထားပြီး ၂ လုံးရှိကြောင်း၊ အထဲမှာ Y1 အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၁ သိန်းစီနဲ့ စုစုပေါင်း ၂ သိန်းအပြင် ပြောင်းရှည်သေနတ် ၁ လက်၊ အိတ်ငယ်ထဲမှာ AK-47 ကျည်ဆန် ၃ တောင့်၊ ပလတ်စတိတ်အိတ်ထဲ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၁၈ ပြားပါ ထပ်မံတွေ့ရှိတယ်လို့ ဆိုပါတယ်။
စီမံချက်ကာလ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီဝန်းကျင်ကလည်း မဲ့အိုင်းမြို့နယ်ဘက်ကနေ ချင်းရိုင်းဘက်သွားမယ့် ဟိုင်းလပ်စ်ကား ၁ စီးပေါ်မှာ စိတ်ကြွဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။
အဆိုပါကားဟာ မဲ့အိုင်းကနေထွက်ခွာလာပြီး ရှေ့ကနေ ဆိုင်ကယ် ၁ စီး လမ်းပြ မောင်းနှင်လာကြောင်း၊ တာဝန်ရှိသူတွေက မသင်္ကာလို့ နောက်ယောင်ခံလိုက်လာရာမှာ ဝိန်းပါပေါက်မြို့နယ် ဘန့်ဟိုဝိန်းရွာနားရောက်တော့ လမ်းဘေးက ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ကြောင်း၊ လားဟူတိုင်းရင်းသား ဆိုင်ကယ်သမားကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကားမောင်းသမားကတော့ မှောင်ရိပ်ခို ထွက်ပြေးသွားတယ်၊ ကားပေါ်မှာ မြွေရေခွံအိတ် ၃ အိတ်ပါရှိပြီး အိတ် ၁ လုံးလျှင် စိတ်ကြွဆေးပြား ၁ သိန်းစီ ပါတာကြောင့် စုစုပေါင်း ၃ သိန်း ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မဲ့အိုင်းမြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နဲ့ ကပ်လျက်တည်ရှိပါတယ်။
ကိုးကား - Maesaipress