ချင်းပြည်နယ်၊ ပလက်ဝမြို့ စခန်းသိမ်းတိုက်ပွဲမှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သား ၁၅၁ ဦးကို စစ်ကောင်စီလေတပ်က လေယာဉ်နဲ့ စေလွှတ်ပြီး ပြန်သွားခေါ်ခဲ့တယ်လို့ အိန္ဒိယနယ်စပ်မှာ နေထိုင်တဲ့ ချင်းလူမျိုးတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂ ရက် အိုင်ဇောလေဆိပ်ကနေ အိန္ဒိယစံတော်ချိန် မနက် ၁၁ နာရီမှာ ၁ ကြိမ်၊ ညနေ ၃ နာရီမှာ ၂ ကြိမ် တပ်မတော်(လေ) လေယာဉ်နဲ့ ပြန်လာခေါ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီး အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၃၇၇ အခြေကုပ်စခန်းကို ရခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်လိုက်တဲ့ အတွက် စစ်ကောင်စီတပ်သားတွေ အိန္ဒိယနိုင်ငံဘက်ကို ဒီဇင်ဘာ ၂၉ ရက်မှာ ထွက်ပြေးသွားကြတာပါ။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင် မြို့နယ်၊ တွီဆဲန်တလန်ကျေးရွာ အိန္ဒိယရဲစခန်းကို လက်နက်ခဲယမ်းတွေနဲ့ ရောက်ရှိလာပြီး အဲဒီက တဆင့် အာသံရိုင်ဖယ်တပ်ရင်းဘက်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေကို အာသံရိုင်ဖယ်တပ်ဖွဲ့တွေက လုံးလေမြို့ကို ပို့ဆောင်ထားပြီး အဲဒီကတဆင့် ဇန်နဝါရီ ၁ ရက်မှာ အိုင်ဇောမြို့ကို ပို့ဆောင်လိုက်တာလို့ သိရပါတယ်။
အိန္ဒိယ နယ်စပ်မှာနေထိုင်သူ တဦးက “၂ ရက်နေ့မှာ အိုင်ဇောလေဆိပ်ကနေ လာခေါ်တာပေါ့။ အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတွေက လုံခြုံရေးယူပြီးတော့ သူတို့ ပြည်သူတွေ ကိုလည်း အနားကပ် မခံဘူး။ အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်ကို သိသာပေါ်လွင်စေတာပေါ့”လို့ ပြောပါတယ်။
ချင်းပြည်နယ် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာ စစ်သား ၁၀၄ ဦးကို အိန္ဒိယအစိုးရက မြန်မာနိုင်ငံ တမူးမြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။