အလွဲစားစား
အရူးများနှင့်၊ ထူးခြားနိုင်ငံ
ပြင်ဆင်ရန်ကား၊ စုစည်းအားဖြင့်
ကြိုးစားပေးမှရတော့မည်။ ။
“ပုထုဇနော ဥမ္မတ္တကော” လူဆိုတာ အရူးတွေပါပဲလို့ နာကြား မှတ်သားကြရစမြဲပါပဲ။ လွဲတာက ကိုယ့်ဘာသာလွဲနေရင်တော့ ပြဿနာမရှိ။ သူတပါးနှင့် အများကို ထိခိုက်လာရင်တော့ ပြဿနာရှိလာပါပြီ။ ရူးတဲ့နေရာမှာလည်း အာဏာရူး၊ တဏှာရူး၊ ဥစ္စာရူး၊ ဘဝင်ရူး စသည် အမျိုးမျိုးရှိသလို စာ ကဗျာတွေကို ရူးသွပ် ဝါသနာပါလွန်းကြတဲ့ လူငယ်တွေကိုလည်း စာရူး၊ ကဗျာရူးများ ဆိုပြီးလည်း ပြောကြ ဆိုကြပါလိမ့်မယ်။ စာရူး၊ ကဗျာရူးတွေဆိုတာ နုသလောက်၊ လှသလောက်၊ ချစ်စရာကောင်းသလောက် တဖက်က အာဏာရူး၊ တဏှာရူး၊ ဥစ္စာရူး၊ ဘဝင်ရူးတွေများကျတော့ ယုတ်ညံ့လွန်းလှပါတယ်။ ဆိုရှယ်မီဒီယာတွေနဲ့ အင်တာနက်ခေတ်မှာ ဘာကိုမှ ဖုံးထား ဖိထားကြလို့ မရတော့သလို လုပ်ချင်တိုင်းလည်း လုပ်လို့ရတဲ့ခေတ်က ကုန်ခဲ့ပါပြီ။ လုပ်ချင်သလို လုပ်နေပါလျှင်တော့ ရွာထဲရပ်ထဲထွက်ဖို့ မပြောနဲ့၊ ကိုယ့်အခန်းထဲက ဆိုရှယ်မီဒီယာပေါ် တက်ဖို့တောင် ရှက်တတ်ရင် မလွယ်လှပါ။ အရှက်ကြီးလွန်းသူဆိုလျှင် လဲသေလို့ရပါပြီ။
စစ်အာဏာရူးတသိုက်ကြောင့် ပျက်ခဲ့ရတဲ့ တိုင်းပြည်မှာ ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက် မြင်မကောင်း ရှုမကောင်းပါပဲ။ တိုင်းပြည် ကပ်ဆိုက်ပြီး ငတ်ပြတ်ပြေးလွှား ဒုက္ခများနေချိန်မှာ ပေါပေါတောတော ပေါ့ပျက်ပျက် ကလေးကုလား ဟေးလားဝါးလား ပျော်ပါးနေလိုက်ကြတာ ဟာလည်း အတော်ကြီးကို ရုပ်ပျက်ဆင်းပျက်နိုင်လှတဲ့ သွပ်တွပ်တွပ် ချောင်တောင်တောင် အကွက်တွေပါပဲ။ အရပ်မပြည့်တာက ပြင်တွေးလို့ရပေမဲ့ ကျပ်မပြည့်တာက သင်ပေးလို့မရပါဘူးလို့ ရှေးဆိုရိုးစကား ရှိပါရဲ့။ ဘယ့်နှယ်ဗျာ ခေတ်ပျက်နေပါတယ် ဆိုနေကာမှ အတွေးအခေါ်တွေက ခြင်ထောင်ထဲကကို မထွက်ကြတော့တာတွေက အတော်ကြီးကို ရုပ်ဆိုးလွန်းလှပါတယ်။ သူများတွေ အသက်ပေးနေချိန်မှာ တရက်ပြေးရမှာတောင် ကြောက်နေသူတွေအဖို့ ကြားရတာလည်း နားကြားပြင်းကတ်လောက် ပါပေတယ်။ ဘုရင်ရူး ပလ္လင်ရူးတွေကလည်း တမှောက်။ တိုင်းပြည့်ဘဏ္ဍာ သူ့မိထွေးဟာလို ပြည်သူ့ချွေးနည်းစာ သူ့ပထွေးဟာလို သောက်စားပျော်ပါးနေသူတွေကတော့ဖြင့် ပြည်သူ့ကျိန်စာကြောင့် အချိန်တန်ရင် အန်ထွက်ကြမှာ မလွဲပါဘူး။ သူတောင်းစားတယောက် အကြောင်းပြုလို့ တတိုင်းပြည်လုံးနီးပါး သူတောင်းစားဖြစ်ခဲ့ရတာပါပဲ။ ခေတ်ပျက်မှာ ရိုးသားစွာ တောင်းစားတာ ချစ်စရာ၊ ဂုဏ်ယူစရာကောင်းသလောက်၊ ကလိန်ကကျစ် ညစ်တစ်တစ်တွေရဲ့ သမိုင်းကတော့ တယောက်စကား တယောက်နားနဲ့ ဖုံးဖိထားလို့ မရစကောင်းပါဘူး။
စစ်တပ်အာဏာ
မသိမ်းပါမူ
ပြည်သူသည်လည်း
PDF ကိုမဖွဲ့ပါ။ ။
တိုင်းပြည်ကာကွယ်မယ့်သူတွေက လက်နက်ကိုင် သူပုန်ထလို့ စာသမား ပေသမား ဆေးသမား လယ်သမား ယာသမား ကျောင်းသား ကျောင်းသူ စသူတွေက သေနတ်တွေ ကိုင်ခဲ့ကြရပါတယ်။ ပရော်ဖက်ရှင်နယ် စစ်သားတွေလည်း ပြေးချင်တိုင်းပြေး ဝေးချင်တိုင်း ဝေးနေကြတာပါပဲ။ ဒါကိုတောင်မှ သူတို့က မိချောင်းမင်း ရေခင်းပြ။ ဘာတဲ့ ကိုယ်လူမျိုးအတွက်၊ ကိုယ့်ဘာသာ သာသနာအတွက် ဆိုပါသတဲ့။ သူတို့ထက် မျိုးချစ်တဲ့သူမရှိ ပီဘိ ခြောက်ပစ်ကင်း သဲလဲစင်။ သူတော်ကောင်း ဘုရားလောင်း သူတို့အဘဟာ ပျော့လွန်းပါသတဲ့။ မြန်မာပြည်သူတယောက် အနေနဲ့ဆို သူတို့အဘ ပျော့လို့သာ တော်တော့တယ်။ သူ့အဘသာ မာခဲ့ရင် မြန်မာပြည်သူ ပြည်သား လူထုတွေရဲ့ ဘဝတွေဟာ မတွေးဝံ့စရာပါပဲ။
အာဏာရူးတွေဟာ ဩဇာကို သိပ်ကြောက်ကြပါတယ်။ ဩဇာဆိုတာ ငွေပေးဝယ်လို့မရသလို အလွယ်တကူလည်း ပျက်ရိုးထုံးစံ မရှိပါဘူး။ အရိုးဆွေးတောင်မှ ဩဇာညောင်းဆဲ ခေါင်းဆောင်တွေကို မြင်ယောင်ကြည့်ပါ။ ဆိုရှယ်မီဒီယာမှာ သက်ရှိထင်ရှား အဆဲခံနေရဆုံးသူနဲ့ အပေါင်းအပါ အဆဲခံနေကြရသူတွေရဲ့ မြေး၊ မြစ်တွေ ခမျာ အရှင်လတ်လတ် လူဖြစ်ရှုံးနေကြတာပါပဲ။ သူခိုးကို ဓားရိုးကမ်းတဲ့ အကျိုးက ကိုယ်တိုင် သူခိုး ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရတာပါပဲ။ ကိုယ်ချင်းစာတရားနဲ့ စာနာမှုတွေက သူတို့အလှည့်ကျမှ ပေါ်လာတတ်တာမျိုး၊ အရင်တုန်းက ဘယ်သွားနေလေသလဲ မေးခွန်းထုတ်စရာပါပဲ။ ဘာတဲ့ …. အခုကာမှ သာလွန်အင်အားနဲ့ အနိုင်ကျင့်နေတယ်တဲ့လား။ ဘာ အခုမှ အသံထွက် လာရတာလဲ။ ကြားဖူးပေါင်၊ ကြုံဖူးပေါင် အံ့ဩပါ့။
ပြီးတော့ ရှိသေး၊ တိုင်းပြည်ရုပ်ဝတ္ထုတွေ ပျက်စီးလို့တဲ့။ ဘယ့်နှယ် တိုင်းပြည်အသက်တွေ စသတ်ခဲ့တုန်းက ကိုယ်တော်ချောတို့ ပါးစပ်ကြီးတွေက ဘာလို့များ ပိတ်နေခဲ့သတုန်း။ ပြုံးပြီးတော့သာ မေးလိုက်ချင်တာပါပဲ။ ကိုယ်တွေဘဝကလည်း ကိုယ့်တိုင်းပြည်ပစ္စည်း ပျက်တာကိုမှ ကြံဖန်ပျော်ရ အတော်ခွကျတာပါပဲဗျာ။ သေနတ်သံကြားရတာကို ပျော်နေကြရတဲ့ တိုင်းပြည်ဟာလည်း ခွတီးခွကျပါပဲ။ အဲဒီကစခဲ့တဲ့ အလွဲတွေဟာ ငွေကြေးဥစ္စာ အာဏာကို မမြင်ဘူး မူးမြစ်ထင်နေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ့်သမိုင်းသာ ကိုယ့်ဆီ ကျန်နေမှာပါပဲ။
ကိုဗစ်ကပ်ဆိုးမှာ နယူးနော်မယ် ဖြစ်ခဲ့ပြီဖြစ်တဲ့ တိုင်းပြည်ဟာ ကိုယ့်ပြည်သူတွေ အသက်ပေး ဘဝပေးနေချိန်မှာတောင် နယူးနော်မယ် ဖြစ်ခဲ့ပြီလား စဉ်းစားစရာစရာပါပဲ။ တိုင်းပြည်ကြီးက ဘာဆိုဘာမှ ဖြစ်မနေသလို ပျော်မြဲ မော်မြဲ နေကြသူတွေအဖို့ လိပ်ပြာလုံကြပါစေလို့သာ ပြောလိုက်ချင်ပါတယ်။ ရူးချင်ယောင်ဆောင်ရင်း တကယ်ရူးသွားသူတွေနဲ့ ရူးပြီးသား အရူးတွေကြား တိုင်းပြည်ကြီးတခုလုံးသာ နယူးနော်မယ် ဖြစ်မသွားကြစေဖို့ စုပေါင်းညီညာ ကြိုးစားပမ်းစား တိုက်ပွဲဝင်ကြပြီး အောင်ကြောင်းဖြာနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ အထူးတလည် ပို့သလိုက်ရပါတယ်။
လာမယ့်နွေဦး၊ သပြေဖူးနဲ့
ပျော်မြူးချိန်တန်၊ အိမ်ပြန်လှရေး
ကြိုးစားပေးနိုင်ကြပါစေ။ ။