ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ဇန်နဝါရီ ၂ ရက် မနက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေအပါအဝင် နေအိမ်အဆောက်ဦ ၁၀ လုံးလောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့ ပြည်တော်သာရပ်ကွက်ကို ဇန်နဝါရီ ၂ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ မင်းပြား အခြေစိုက် ခမရ ၅၄၁ တပ်ရင်းက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မင်းပြားမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း ၃ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ မြို့မစျေးအပါအဝင် နေအိမ်အဆောက်ဦ ၁၀ လုံးလောက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“မင်းပြားမြို့မှာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူးဗျ။ စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေကို တမင်တကာ ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့ကြတာပါ။ လူတွေကတော့ လုံခြုံတဲ့ နေရာတွေမှာ ပုန်းခိုနေကြတာ ဖြစ်လို့ ထိခိုက်မှု မရှိခဲ့ဘူး” လို့ ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်က တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အဆောက်ဦတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်ပျက်စီးကာ ဒေသခံပြည်သူ ၅၀ ကျော်သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားကာ PDF ရဲဘော် တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။
မြိုင်မြို့နယ် စက်မှု ၂ က စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရိက္ခာကား ၁၂ ဘီးတစီး၊ ၆ ဘီးတစီး၊ သံပြားကာကားတစီးကို ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အီနာဂါဗုံးသီး ၁၃ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ၁၂ ဘီးကားတစီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံး ဒဏ်ရာရရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁ ရက် မနက်ပိုင်းမှာလည်း စက်မှု ၂ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့တိုက်ပွဲ ၃ နာရီလောက်ကြာအောင် ဖြစ်ပွားခဲ့ပြီး ရှေ့ကိုဆက်မတိုးနိုင်ဘဲ စက်မှု ၂ ဘက်ကို ပြန်လှည့်သွားကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ထမ်းစင်နဲ့သယ်သွားတဲ့ အချိန်မှာလည်း တာဝေးပစ် ရော့ကက်တွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ကြလို့ ကစဉ့်ကလျား ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။