Home
အနုပညာ
ရန်ကုန် ၄၄ လမ်းဖြစ်စဉ်မှ တဦးတည်းလွတ်မြောက်ခဲ့သည့် လူငယ်ရက်ပ်ပါ ဖလက်စ် ကွယ်လွန်
DVB
·
January 2, 2024
FL3XX

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ The Synk တေးဂီတအဖွဲ့က လူငယ် ရက်ပ်ပါ အဆိုတော်တဦးဖြစ်သူ ကိုကောင်းမင်းသန့် (ခ) FL3xx ဟာ ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီ ၁ ရက် ညနေမှာ ကွယ်လွန်သွားခဲ့ပြီလို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုကောင်းမင်းသန့် (ခ) FL3xx ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ် ၁၀ ရက်က ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက ယူဂျီရဲဘော်တွေ နေထိုင်ရာတိုက်ခန်းကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းစဉ် ရဲဘော် ၅ ဦး ခုန်ချခဲ့တဲ့ဖြစ်စဉ်မှာ တိုက်ခန်းရဲ့ ထပ်ခိုးတွင်း ပုန်းအောင်းကာ လွတ်မြောက်ခဲ့တဲ့ တဦးတည်းသော ရဲဘော်လည်း ဖြစ်ပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတဦးက “ဒီကလေးက ကျောက်ကပ်ပျက်စီးပြီးတော့ ခန္ဓာကိုယ်က အကြောတွေ၊ မျက်လုံးအမြင်တွေ ဆုတ်ယုတ်နေတာ ကြာပြီ။ သတိမထားမိကြတာပေါ့။ မနေ့က တက်သွားတော့ ဆေးရုံပို့တယ်၊ မလွယ်တော့ဘူးပေါ့၊ ဆေးရုံကြီးကိုလွှတ်တယ်၊ တတိယအကြိမ် တက်သွားပြီတော့ အသက်ပါသွားတာပါ” လို့ ပြောပါတယ်။

ကိုကောင်းမင်းသန့်ကို ၂၀၀၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ထဲက ရက်ပ်ဂီတကို ရူးသွပ်သူဖြစ်တယ်လို့ သူငယ်ချင်းတွေဆီက သိရပါတယ်။

၄၄ လမ်းဖြစ်စဉ်မှာ ကိုကောင်းမင်းသန့်ဟာ လွတ်မြောက်လာခဲ့ပြီးနောက် ရန်ကုန်မြို့ပြက ယူဂျီဘဝကို စွန့်ခွာခဲ့ပြီး ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲကို ရောက်ရှိလာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်ထဲမှာ ထိုင်းနိုင်ငံထဲကို ပြောင်းရွှေ့လာခဲ့ပြီး သူကျွမ်းကျင်တဲ့ ရက်ပ်ဂီတနဲ့ ရန်ပုံငွေ ဂီတပွဲတွေမှာ ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၂၂ နှစ်သာရှိသေးတဲ့ လူငယ်တော်လှန်ရေးသမားတဦးလည်း ဖြစ်ပါတယ်။

၄၄ လမ်းဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်တဲ့ ရဲဘော် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်တွေထဲမှာ ထောင် ၅ နှစ်ကနေ ၁၂ နှစ်အထိ ကျခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024