အစ္စရေးစစ်တပ်ရဲ့ အောကတ်စ် တိုက်ခိုက်ရေးခွေးတပ်က ခြိမ်းခြောက်မှုတွေအတွက် နေရာတွေကို ရှာဖို့၊ အိမ်တွေကို ခြေရာခံဖို့၊ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေရှိတဲ့ နေရာတွေကို ရှာဖို့နဲ့ ဟားမတ်စ်စစ်ဆင်ရေး ဆင်နွှဲသူတွေကို သုတ်သင်ရှင်းလင်းဖို့ ကူညီနေတယ် လို့ ပြောထားတဲ့ ရုပ်သံတခုကို အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၃၁ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
ပက်ထရစ်လို့ နာမည်ပေးထားတဲ့ ခွေးတကောင်ကို အစ္စရေးစစ်တပ်က ဟားမတ်စ် အကြမ်းဖက်သမားတွေရဲ့ နေရာလို့ ပြောထားတဲ့နေရာအား ရှာဖွေတိုက်ခိုက်နေတာကို ဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အောကတ်စ် ခွေးတွေဟာ အစ္စရေးစစ်တပ်ရဲ့ ခွေးတပ်ဖွဲ့ထဲမှာ ပါဝင်ပြီး ခွေးတကောင်ချင်းစီက တိုက်ခိုက်ရေး၊ ဖောက်ခွဲရေးပစ္စည်းတွေ ရှာဖွေရေးနဲ့ လူတွေကို ရှာဖွေကယ်ဆယ်ရေး စတဲ့ နယ်ပယ်တခုစီမှာ အထူးကျွမ်းကျင်အောင် လေ့ကျင့်ပေးထားတယ်လို့ စစ်တပ်ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တွေကို တိုက်ထုတ်ဖို့ ဆင့်ခေါ်ထားတဲ့ အရန်တပ်သားတချို့ကို ပြန်လွှတ်ပေးမယ်လို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောခဲ့ပြီး နိုင်ငံအနေနဲ့ ရေရှည်စစ်ပွဲအတွက် ပြင်ဆင်နေချိန်မှာ စီးပွားရေးကို အထောက်အကူ ဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်နေပုံလို့ ပြောထားတဲ့ ဗွီဒီယိုဖိုင်တခုကို ပါလက်စတိုင်းအခြေစိုက် ဟားမတ်စ် စစ်သွေးကြွအုပ်စုက ဇန်နဝါရီ ၁ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
ဒေသစံတော်ချိန် သန်းခေါင်ကျော် ည ၁၂ နာရီခွဲလောက်မှာ တယ်လီဂရမ် လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ရုပ်သံထဲမှာ ဟားမတ်စ်တွေရဲ့ လက်နက်ကိုင်အဖွဲ့က အစ္စရေးအပေါ် ၂၀၂၃ ခုနှစ်မှာ ဒုံးကျည်တွေနဲ့ပစ်ခတ်တဲ့ နောက်ဆုံးတိုက်ခိုက်မှုလို့ ပြောထားပါတယ်။
ဗွီဒီယိုကို ရိုက်ကူးတဲ့နေရာနဲ့ အချိန်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုတာတော့ မလုပ်နိုင်ပါဘူး။
ဒီဇင်ဘာ ၃၁ ရက် အစောပိုင်းမှာ အစ္စရေး ဂျက်လေယာဉ်တွေက ဂါဇာအလယ်ပိုင်းကို အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့ လပေါင်းများစွာ အချိန်ယူရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောထားပြီး စစ်ပွဲအတွင်း မြို့ပျက်တွေနဲ့ ဒုက္ခသည်စခန်းတွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Source/Photo-Reuters