စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စခန်းကနေ စွန့်ခွာထွက်ပြေးသွားကြောင်း သိရပါတယ်။
မဲဇာ စံပြကျေးရွာ နယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်း ပျူစောထီး အင်အား ၃၀ ကျော်ဟာ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက သူတို့တပ်စွဲထားရာ ရဲစခန်းကို စွန့်ခွာသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အင်းတော်ဒေသခံတဦးက “စခန်းထဲမှာက ရဲကော စစ်တပ်ကော ပျူစောထီးကော စုပြီးနေကြတယ်။ အင်အားကတော့ ၃၀ ကျော်လောက်ရှိတယ်။ အရင်ကတော့ အပြင်ထွက်တာရှိတယ်။ ပြီးခဲ့တဲ့ တလကျော်လောက်ကစပြီး အပြင်မထွက်တော့ဘဲ စခန်းထဲမှာပဲ သူတို့တွေ နေကြတယ်။ အဲ့ဒါ ညနေ ၅ နာရီလောက်မှာ စခန်းထားခဲ့ပြီး အင်းတော်ဘက်ကို တိတ်တိတ်လေး လစ်ထွက်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ မဲဇာ စံပြကျေးရွာ ရဲစခန်းကို စွန့်ခွာသွားပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက စခန်းဝင်ရောက် ရှင်းလင်းနေစဉ် အင်းတော် စစ်တပ်ကုန်းဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မဲဇာ စာသင်ကျောင်းအနီးနဲ့ အလယ်ဆိပ်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး နွားနှစ်ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း Indaw Revolution (IR) က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၀ ရက်က မဲဇာနယ်မြေရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ အင်အား ၃၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။