ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ခုခံနေရတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့နယ် တင်းမဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဇန်နဝါရီ ၁ ရက် မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၁၀ နာရီ ၁၅ မိနစ်လောက်မှာလည်း စစ်တွေ ခလရ ၂၀ က တက်လာတဲ့ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ကျောက်တော်အခြေစိုက် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကလည်း မနက် ၉ နာရီလောက်ကစလို့ အတွဲလိုက်ဒုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတင်းမကျေးရွာနားက တောင်ရှည်တောင်(တင်းမဗျူဟာကုန်း) ကို ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းကတည်းက ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုန်းတွေနဲ့ ပစ်ကူပေးကာ ဂျက်တိုက်လေယာဥ်၊ Mi35 တွေနဲ့ ပစ်ကူပေးတဲ့အပြင် Mi17၊ Y12၊ Y8 အမျိုးအစား ထောက်ပို့ယာဥ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက် ပြုလုပ်နေတယ်လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ ရက္ခိုင့်တပ်တော်ဘက်က ရလဒ်တွေ ကောင်းနေတာကြောင့် စစ်ကောင်စီဘက်က အသည်းအသန် ခုခံနေရတာဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ ရှိနိုင်ပေမဲ့ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကိုလည်း ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၃၀ ရက် ညနေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက Fix Wing ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကားတစီပျက်စီးခဲ့တယ်လို့ Young Force UG ရဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ပစ်မှတ်ကို တည့်တည့်ကျရောက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူရှိနိုင်ပေမယ့် အတိကျမသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ ပျူစောထီးစခန်းနားမှာ ရပ်ထားတဲ့ ကားတစီးကိုလည်း ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ကာ သုံးစားမရအောင် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Young Force UG၊ မြိုင်ပကဖ တပ်ရင်း ၁၊ ဓားမင်းကြီးအဖွဲ့နဲ့ ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ ၂ သူရိန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၉ ရက် ညနေကလည်း မြိုင်မြို့နယ် ထွေအုပ်ရုံးနဲ့ စစ်ကောင်စီရဲ့ မန္တလေးအထွက် စစ်ဆေးရေးဂိတ်ကို မြိုင်ပကဖ ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၂၄ လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဗုံးသီးတွေဟာ စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ နေရာတွေကို တည့်တည့်ကျရောက်ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေရှိနိုင်ပေမယ့် အတိကျမသိရသေးဘဲ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကြပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁၊ ၂၊ ဗိုလ်မြွေဆိုးအဖွဲ့နဲ့ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။