Home
မြန်မာသတင်း
ကျောက်တော် စစ်ရှောင်တဦး ရိုက်နှက်ဖမ်းဆီးခံရ၊ စစ်တပ်ပစ်ခတ်မှုကြောင့် ရမ်းဗြဲပြည်သူ ၁ ဦး ဒဏ်ရာရ
DVB
·
December 31, 2023
refugee_31122023

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားနားမှာ ဒီဇင်ဘာ ၂၉ ရက် မနက် ၁၀ နာရီကျော်လောက်က စပါးအငှားရိတ်နေတဲ့ စစ်ဘေးရှောင် ပြည်သူတယောက်ကို ULA/AA နဲ့ ဆက်စပ်မှုရှိတယ်စွပ်စွဲပြီး  ခမရ ၃၇၆  တပ်သားတွေက ရိုက်နှက်ဖမ်းဆီးသွားကြတာလို့ ကျောက်တော်မြို့ ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူကတော့ ညောင်ရှောင်း စစ်ဘေးရှောင်စခန်းက အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းဝေဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ပြီး ကြိုးနဲ့တုပ်ကာ ခမရ ၃၇၆ တပ်ရင်းထဲကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်မှာ ဒီဇင်ဘာလ ၂၅ ရက် ညကလည်း ပြည်သူ ၈ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ၆ ယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ ကျော် လောက်ကို အေအေနဲ့ ဆက်စပ်တယ် သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ဓမ္မာရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၁ ရက် မနက် ၁၀ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမှတ် ၂ ရပ်ကွက်၊ အိုးပုံစုက ပြည်သူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူကတော့ အိုးပုံစုရပ်ကွက်က အသက် ၄၂ နှစ်အရွယ် ဦးခင်မောင်ဌေးဖြစ်ပြီး ပခုံးကို သေနတ်ကျည်ရှပ်ထိပြီး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

သူကတော့ အိမ်မှာနွားတွေမွေးမြူထားတာဖြစ်လို့ နေအိမ်မှာ အစောင့်အနေနဲ့ ကျန်ခဲ့တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။

ရမ်းဗြဲမြို့ကို ဒီဇင်ဘာလ ၃၀ရက်နေ့ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024