စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကံပေါက်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ၆ နှစ်အရွယ် ကလေးငယ် ၁ ယောက် သေဆုံးပြီး အိမ်တချို့ မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်းလွဲ ၂ နာရီခွဲလောက်မှာ မန္တလေးမြို့၊ တံတာဦးလေဆိပ်ကနေ လာရောက်ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ မြို့နယ်ကတော့ ထင်ကြေးနဲ့ကို နေ့တိုင်းလိုလို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲနေတာပါဗျာ။ ဒီနေ့လည်း ဂျက်ဖိုက်တာ ၁ စင်းနဲ့ ရွာထဲကို အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတယ်။ အဲလိုကြဲချလို့ ရွာလယ်မှာ ၁ လုံးကျပြီး လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးတယ်။ နောက် ၁ လုံးက ဘုန်းကြီးကျောင်းအနီးက အိမ် ၁ လုံးပေါ် တည့်တည့်ကျပြီး အိမ် ၁ လုံးပျက်စီးပြီး အပြစ်မဲ့ အသက် ၆ နှစ်အရွယ် မောင်ဟိန်းထက်ပိုင် ပွဲချင်းပြီး သေဆုံးတယ်။ အလောင်းတောင် ရှာမရဘူး။ တပိုင်းတစပေါ့ဗျာ။ ဒေသခံအနေနဲ့ စစ်ကောင်စီကို ဘာပြောချင်လဲဆိုရင် ဒေသခံတွေကို ငဲ့ကွက်တဲ့အနေနဲ့ လေယာဉ်ကို သတင်းမတိကျဘဲ အကြောင်းမဲ့ မပစ်ပါနဲ့။ နောက်ပြီး လက်နက်ကိုင်အချင်းချင်း တိုက်မယ်ဆိုရင် မြေပြင်ကနေ စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်ကြပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မြေပြင်မှာ KIA၊ AA နဲ့ PDF ရှိတယ်ဆိုပြီး အခုလို လေယာဉ်အသုံးပြု ဗုံးကြဲတာတွေ ပြုလုပ်နေတာဖြစ်တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ ဝါဒဖြန့်ရေးသားနေကြတယ်လို့ ထီးချိုင့် ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အလယ်တော၊ ခရမ်းစပ်ကုန်း၊ ထီးချိုင့်မြို့၊ ကြက်သွန်ခင်းရွာ စတဲ့ ကျေးရွာတွေကို လေယာဉ်နဲ့ ပစ်ခတ်လို့ အရပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ထီးချိုင့် စစ်ဘေးသင့်ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။