Home
မြန်မာသတင်း
ဒီဇယ်ဈေးတက်သဖြင့် မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခ တိုးမြှင့်
DVB
·
December 31, 2023
Train Ticket_31122023

မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေတဲ့ လေအိတ်ရထားနဲ့ ရိုးရိုးရထား လက်မှတ်ခ ဈေးနှုန်းတွေကို ဇန်နဝါရီ ၁ ရက်နေ့ကစပြီး တိုးမြှင့်သွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ဒီဇင်ဘာ ၃၁ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မော်လမြိုင်ဘူတာကြီး ဝန်ထမ်းတယော်ကက “ဒီ‌ဇယ်ဆီဈေးနှုန်း မြင့်တက် လာတာကြောင့် မော်လမြိုင်-ရန်ကုန်‌ လေအိတ်ရထားနဲ့ ရိုးရိုးရထားလက်မှတ်ခတွေ တိုးမြှင့်ခဲ့တာဖြစ်တယ်။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ဒီဇယ်ဆီဈေး အရမ်းတက်နေလို့ လက်မှတ်ခထပ်တိုးလိုက်လိုက်တာပါ။ တိုးမြှင့်တဲ့နှုန်းက‌လည်း ခရီးသွားတွေအတွက် အဆင်ပြေပါတယ်။ ကားခနဲ့ယှဉ်ရင်လည်း ထက်ဝက်ကျော်လောက် သက်သာပါတယ်” လို့  ပြောပါတယ်။

မော်လမြိုင်-ရန်ကုန် လက်မှတ်ခတွေဟာ အရင်က ရိုးရိုးတန်း ကျပ် ၃,၅၀၀၊ အထက်တန်း ၇,၀၀၀ ကျပ် ရှိခဲ့ရာက အခု လေအိတ်ရထားတွေအတွက် ရိုးရိုးတန်းကျပ် ၆,၀၀၀၊ အထက်တန်း ကျပ် ၁၁,၀၀၀၊ ရိုးရိုးရထား (AAR) အတွက် ရိုးရိုးတန်း ကျပ် ၅,၀၀၀ နဲ့ အထက်တန်း ကျပ် ၁၀,၀၀၀ အထိဖြစ်လာပြီး လက်မှတ်ခကျပ် ၁,၅၀၀ ကနေ  ၄,၀၀၀ ကျပ်အထိ မြင့်တက်သွားပါတယ်။

မော်လမြိုင်က ရထားနဲ့ အမြဲခရီးသွားနေသူတယောက်က “အကုန်တက်နေတဲ့အချိန်မှာ ရထားလက်မှတ် ဈေးတက်တာနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောချင်ပါဘူး။ တက်သွားတဲ့နှုန်းကလည်း သင့်ပါတယ်။ ရထား‌လက်မှတ်ကို မှောင်ခိုမဟုတ်ဘဲ ပွင့်လင်းမြင်သာမှုရှိအောင် ရောင်းစေချင်ပါတယ်” လို့ ပြောပါတယ်။

အထူးရထားတွေအတွက် ရိုးရိုးတန်းရထားလက်မှတ်တွေကို တရက်ကြိုတင် မှာရမှာဖြစ်ပြီး အထက်တန်းတွဲ ရထားလက်မှ‌တ်ကိုတော့ ၃ ရက် ကြိုတင်ပြီး မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံမှာ မနက် ၇ နာရီကနေ နေ့လယ် ၃ နာရီအထိ ရောင်းချသွားမှာဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။

မော်လမြိုင်-ရန်ကုန် လေအိတ်ရထားရော ရိုရိုးရထားပါ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာတို့မှာ ရပ်တန့်ပေးသွားမှာ ဖြစ်ပါတယ်။

မော်လမြိုင်-ရန်ကုန် လေအိတ်ရထားတွေကို ဇန်နဝါရီအတွင်း စုံရက်တွေမှာ ပြေးဆွဲသွားမှာ ဖြစ်ပြီး ရိုးရိုးရထား (AAR) ကို မ ရက်တွေမှာ ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024