ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာကို ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီလောက်မှာ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လက်အောက်ခံ ခမရ ၅၆၃ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဘူးသီးတောင်မြို့ ဒေသခံတယောက်က ပြောပါတယ်။
လက်နက်ကြီးကျည်တွေဟာ ပြင်ရှည်ကျေးရွာထဲမှာ ၆ လုံး၊ ဘုန်းကြီးကျောင်းမှာ ၁ လုံးနဲ့ ရွာပြင်က လယ်ကွင်းမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းထဲမှာ ရောက်နေတဲ့ ပြင်ရှည်ကျေးရွာက အသက် ၅၈ နှစ်အရွယ် ဦးမောင်စိန်ထွန်းရဲ့ ညာဘက်တံတောင်ဆစ်မှာ ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်တွေကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ခဲ့သလို နွား ၂ ကောင်သေဆုံးသွားပြီး ၂ ကောင် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မွတ်စလင်အမျိုးသားတယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့ရောညပါပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၅၀ ကျော် လောက်သေဆုံး၊ ၁၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။