ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းရှိ မာယင်ကာမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက သမ္မတ ဗလာဒီမာပူတင်ကို ပြောကြားလိုက်ပြီး ဒါဟာ မေလတုန်းက ဘာ့ခ်မု(ထ်) ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားရဲ့ အသိသာထင်ရှားဆုံး ရရှိမှုတွေထဲက တခု ဖြစ်ပါတယ်။
ရုရှားထိန်းချုပ်နယ်မြေ ဒွန်နက်စ်ခ်ဒေသရဲ့ အနောက်တောင်ဘက်ရှိ မာယင်ကာမြို့ရဲ့ မှတ်တမ်းအများစုမှာ လူမရှိတဲ့ သရဲမြို့ဆိုပြီး ဖော်ပြကြတာပါ။
တချိန်တုန်းက လူ ၁ သောင်းလောက် နေထိုင်ခဲ့တဲ့မြို့ကို ထိန်းချုပ်ထားနိုင်ခြင်းကြောင့် ရုရှားတပ်ဖွဲ့တွေဟာ ရန်သူတိုက်ခိုက်ရေးတပ်တွေကို ဒွန်နက်စ်ခ်ကနေ မောင်းထုတ်နိုင်လိမ့်မယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
ကရင်မလင် သတင်းထောက်တဦးက အွန်လိုင်းမှာ တင်ထားပြီး သူနဲ့ ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူနဲ့ အပြန်အလှန် ပြောဆိုဖလှယ်ထားတဲ့ ဗီဒီယိုထဲမှာ သူတို့တပ်တွေဟာ ပိုပြီးကျယ်ပြန့်တဲ့ စစ်ဆင်ရေးနယ်မြေကို ရောက်ရှိမယ့် အခွင့်အလမ်းရှိနေပြီလို့ ပြောပါတယ်။
စစ်မြေပြင်မှာ ရုရှားရဲ့ နောက်ဆုံးအောင်ပွဲကတော့ မေလတုန်းက ဘာ့ခ်မု(ထ်) ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သွေးထွက်သံယိုအများဆုံးလည်း ဖြစ်ပါတယ်။
ယူကရိန်းဟာ ဘာ့ခ်မု(ထ်) အပါအဝင် နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ဘက်ရှိ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ရည်ရွယ်ပြီး ဇွန်လမှာ တန်ပြန်ထိုးစစ်တရပ်ကို စတင်ခဲ့ပါတယ်။
ကိယက်ဗ်ရဲ့တပ်ဖွဲ့တွေဟာ သိမ်းပိုက်ခြေကုပ်ယူထားတဲ့ ရုရှားခုခံစစ်ကို ရင်ဆိုင်ရချိန်မှာ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပါတယ်။
၂၂ လကြာ ပဋိပက္ခအတွင်း ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ဖြတ်ကျော်လာကာ တဖြည်းဖြည်းရွေ့လျားလာရင်း အနီးနားရှိ အဗ်ဒီးဗ်ကာ မြို့ကိုလည်း ရုရှားတပ်ဖွဲ့တွေဟာ အောက်တိုဘာ လလယ်ကတည်းက မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
Source/Photo - Reuters