စစ်ကိုင်းတိုင်း၊ ကလေးမြို့က ကုန်တင်ကားကြီးတွေကို ချင်းပြည်နယ် ရိခေါဒါရ်မြို့ဘက် သွားရောက်ခွင့် မပေးတဲ့အတွက် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ တိုက်ပွဲအခြေအနေနဲ့ ကလေးမြို့ဘက်မှာ စစ်ကောင်စီတပ်ဘက်က ကုန်တင်ကားကြီးတွေ တက်လာဖို့ ပိတ်ပင်ထားတဲ့အတွက် ပုံမှန်အခြေအနေထက် ကုန်စည်စီးဆင်းမှုလျော့နည်းနေတယ်လို့ သိရပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် အမှတ်-၁ ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ရိခေါဒါရ်မြို့ဟာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အရေးပါတဲ့ မြို့တမြို့ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ချင်းတောင်ဘက်တက်တဲ့ ကားတွေကို အတက်မခံသလို ဆင်းတဲ့ကားတွေကိုလည်း ကလေးမြို့ထဲ ပေးမဝင်တာတွေရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။
“လက်ရှိကုန်သွယ်ရေးကတော့ တိုက်ပွဲအခြေအနေနဲ့ ကားလမ်းက မပွင့်တာများတယ်။ အခါကျတော့ ကားတွေက ပုံမှန်တော့မရောက်ဖြစ်ဘူး၊ ကုန်စီးဆင်းမှုကတော့ လျော့နည်းသွားတာပေါ့။ ကားအသေးလေးတွေတော့ ရောက်ဖြစ်တယ်။ ပုံမှန်ကုန်သွယ်ရေး အခြေအနေထက်တော့ အများကြီးလျော့နည်းတာပေါ့။ ကလေးဘက်က အတက်ကားတွေ ပိတ်တဲ့အခါကျတော့ ကုန်စီးဆင်းမှု ကုန်သွယ်ရေးတော့ အများကြီးထိခိုက်မှုရှိတာပေါ့။ ပစ္စည်းတွေ မရောက်နိုင်တာနဲ့ အခြေခံလူသုံးကုန်တွေ ပြတ်လပ်တာတွေရှိပါတယ်” လို့ CDF-ဟွာငိုရမ် တာဝန်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ် ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီ ဖြစ်ပါတယ်။