Home
မြန်မာသတင်း
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမည်ကို စိုးရိမ်ပြီး ခါမ်းပါတ် ဒေသခံများ နေရပ်စွန့်ခွာ
DVB
·
December 31, 2023
Kham Pat war victims_31122023

ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှာ စိုးရိမ်တာကြောင့် ခါမ်းပါတ်မြို့ စစ်တပ်ကုန်းအနီးက ဒေသခံတွေဟာ နေအိမ်တွေကို ဖြိုဖျက်ယူပြီး ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြတယ်လို့ ခါမ်းပါတ်မြို့ခံတွေက ပြောပါတယ်။

ခါမ်းပါတ်မြို့ခံတဦးက “အမှတ် ၁ ရပ်ကွက်က ဒေသခံတွေက နောက်ထပ် စစ်ကြောင်းထိုးမှာ ကြောက်လို့ တခြားနေရာတွေ ရွှေ့နေကြတယ်။ စစ်တပ် လာရင် အိမ်မီးရှို့ခံရမှာ စိုးရိမ်လို့ ‌နေအိမ်တွေလည်း ဖြိုဖျက်ပြီး ကားတွေနဲ့ သယ်သွားကြတဲ့လူ‌တွေလည်း ရှိတယ်။ တချို့ဆို အိမ်‌တွင်း ပရိဘောဂပစ္စည်းကစ သယ်သွားကြတယ်။ စစ်ကြောင်းထိုးမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ကြားနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်‌က စတင်ပြီး အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ခါမ်းပါတ်မြို့အမှတ် ၁ ရပ်ကွက်နေ ပြည်သူထက်ဝက်ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ကြိုတင်တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။

ခါမ်းပါတ်မြို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဟောက်ခွါလ်က “အေး၊ အဲဒါ ရှောင်တော့ ရှောင်နေကြတယ်ပေါ့‌နော်။ ခါမ်းပါတ်က တပ်ကုန်းအနီးက အများဆုံးရှောင်ကြတာ။ သူတို့က စစ်ကြောင်းထိုးမှာ၊ လေယာဉ်နဲ့ လာကြဲမှာ ကြားပြီး ရှောင်ကြတာ။ ကျနော်တို့ကလည်း မရှောင်နဲ့လို့တော့ ပြောလို့မရဘူးပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ခါမ်းပါတ်မြို့ရဲစခန်းနဲ့ စစ်တပ်ကုန်း အပါအဝင် ခါမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီနောက် ဒီဇင်ဘာ ၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့ဘက်ကနေ ခါမ်းပါတ်ဘက်ကို စစ်ကြောင်းထိုးလာပြီး ခါမ်းပါတ်မြို့ကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက‌နေ တကျော့ပြန်တိုက်ပွဲ‌တွေ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခါမ်းပါတ်မြို့က နေအိမ် ၅၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီဘက်က အထိနာပြီး ခါမ်းပါတ်မြို့ကို ဆုတ်ခွာသွားခဲ့တာပါ။

တမူးမြို့ရဲ့ မြို့နယ်ခွဲတခုဖြစ်တဲ့ ခါမ်းပါတ်မြို့မှာ လူဦးရေ ၁ သောင်းခွဲကျော်ရှိပြီး ချင်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကာ တမူး-ကလေး ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024