Home
မြန်မာသတင်း
မတ္တရာ ပြည်သူ ၆ ဦးကို စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်
DVB
·
December 31, 2023
MattaYa people killed by SAC_31122023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာက ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက် ညမှာ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ပကဖ(မတ္တရာ)ကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့တာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ သေဆုံးတာ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက် အကြောင်းမဲ့ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။ 

ပကဖ(မတ္တရာ)ရဲ့ သတင်းတာဝန်ခံ ကိုတောက်တောက်က “ဒီရက်ပိုင်းအတွင်း မတ္တရာမြို့နယ်မှာ စကစ လက်နက်ကြီးရမ်းသန်းပစ်ခတ်လို့ ပြည်သူ သေဆုံးတာတွေ ရှိပါတယ်။ နေအိမ် မီးရှို့ ဖျက်ဆီးလာ‌တာတွေ များလာပါတယ်။ အစုလိုက် အပြုံလိုက် သတ်တာ ၃ ကြိမ်ရှိပါပြီ။ အခုလို အမြဲတမ်း စစ်အုပ်စုက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက်ကြောင့် မိဘပြည်သူတွေ ဘယ်နေရာမှာပဲ ရောက်ရောက် စစ်အုပ်စုနဲ့ဝေးရာ နေရာတွေမှာ နေကြဖို့ အဓိကထား ပြောကြားချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိမ်စီးကား ၄ စီး၊ ဆိုင်ကယ် ၁ စီးနဲ့ မတ္တရာမြို့ဘက်ကနေ မြောက်ဘက် ရှမ်းမြောင်းကျေးရွာဘက်ကို ထွက်လာပြီး ရှမ်း‌မြောင်းရွာက ပြည်သူ ၆ ဦးကို သေနတ်နဲ့ အကြောင်းမဲ့ သတ်ဖြတ်သွားကာ ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့  ပြည်သူ အလောင်းတွေကို သယ်ယူသွားတယ်လို့လည်း သိရပါတယ်။ သတ်ဖြတ်ခံရသူတွေနဲ့ ပတ်သက်ပြီး စုံစမ်းဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ မတ္တရာမြို့နယ် အောင်ကန်သာရွာသား ၁၁ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို နိုဝင်ဘာ ၁၇ ရက်မှာ သရက်ကိုင်းနဲ့ ကင်းကျေးရွာက အမျိုးသား ၆ ဦးကိုလည်း အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်အတွင်း ဥဒိန်ကျေးရွာကို စစ်ကြောင်းထိုးပြီး ကျေးရွာကို မီးရှို့နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024