ကယ်လီဖိုးနီးယား ကမ်းရိုးတန်းဒေသနေလူထုဟာ မြင့်မားပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေကို ဒီဇင်ဘာ ၃၀ ရက်၊ စနေနေ့မှာ ဆက်လက်ကြုံတွေ့နေရတာကြောင့် ရေလွှမ်းမိုးမှုဖြစ်နိုင်ကြောင်း သတိပေးချက်တွေနဲ့အတူ တချို့နေရာတွေရှိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ညွှန်ကြားခဲ့ပြီး ကမ်းခြေတွေနဲ့ ကမ်းရိုးတန်းလမ်းတွေကို အသွားအလာ ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။
အမျိုးသားမိုးလေဝသဌာန (NWS) ဟာ ကယ်လီဖိုးနီးယားကမ်းရိုးတန်းရဲ့ မြောက်ဘက် ဆန်ဒီယေဂိုကနေ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဧရိယာအထိ ရေလွှာလျှောစီးမှုနဲ့ ကမ်းရိုးတန်း ရေကြီးမှု သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
တချို့နေရာတွေမှာ လှိုင်းအမြင့်ဟာ ပေ ၂၀၊ ၂၅ ပေ နဲ့ ပေ ၄၀ လောက်အထိတောင် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ အားကောင်းတဲ့လှိုင်းလုံးတွေနဲ့ ပြင်းထန်တဲ့ ရေဆွဲအားတွေကြောင့် သာမန်မဟုတ်တဲ့ ရေနစ်ခြင်းအန္တရာယ် သိသိသာသာ ဖြစ်ပေါ်နိုင်ပြီး ဆိပ်ခံတံတားတွေနဲ့ ဆိပ်ကမ်းတွေလို အဆောက်အဦတွေ ပျက်စီးနိုင်ခြေရှိကြောင်း လော့စ်အိန်ဂျလိစ်ရှိ အမျိုးသား မိုးလေဝသဌာနကလည်း ခန့်မှန်းထားပါတယ်။
ဒီသီတင်းပတ်ကုန်တုန်းကလည်း ပြင်းထန်တဲ့ရေလှိုင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတလျှောက်ရှိ ထိခိုက်လွယ်တဲ့ ရပ်ရွာတွေရှိ မြစ်ကမ်းဘေးက နေအိမ်တွေကို လှိုင်းအမြင့် ပေ ၂၀ လောက်ရှိတဲ့ လှိုင်းလုံးကြီးတွေကြောင့် ထိခိုက်ပျက်စီးနိုင်ခြေ ရှိနေပါတယ်။
ကယ်လီဖိုးနီးယား တောင်ပိုင်း ဗန်တူရာ ကောင်တီရှိ တာဝန်ရှိသူတွေဟာ ပစိဖိတ်ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးတလျှောက်ရှိ နေအိမ်တွေအတွက် စနေနေ့က ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ကမ်းခြေတွေကိုတော့ ပိတ်ထားဆဲဖြစ်ကြောင်း ဗန်တူရာကောင်တီ မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။
အားပြင်းလှိုင်းလုံးကြီးတွေ ရိုက်ခတ်မှုနဲ့ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုအန္တရာယ်ဟာ သောကြာညမှာ အနောက်ဘက် ကမ်းရိုးတန်းဒေသ တော်တော်များများကို မိုးသည်းထန်စွာရွာသွန်းစေတဲ့ ပစိဖိတ်မုန်တိုင်း စနစ်ကြောင့်လို့ ယူဆထားပါတယ်။
Source/Photo - Reuters/Mike Blake