ပါလက်စတိုင်း အသိုက်အဝန်းနဲ့ တခြားဒေသတွင်း ရှေ့တန်းမျက်နှာစာတွေမှာ တိုက်ပွဲတွေက နောက်ထပ်လပေါင်းများစွာ ကြာမြင့်နိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် ဂါဇာကမ်းမြောင်နဲ့ အီဂျစ်ကြား နယ်နိမိတ်ဇုန်ဟာ အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိသင့်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က ဒီဇင်ဘာ ၃၀ ရက် စနေနေ့မှာ ပြောပါတယ်။
“ဖီလာဒဲဖီစင်္ကြံ ဒါမှမဟုတ် ပိုမှန်အောင် ပြောပြရရင် ဂါဇာရဲ့တောင်ဘက်အဆုံး စခန်းဟာ အစ္စရေးရဲ့ လက်ထဲမှာပဲ ရှိရမှာဖြစ်ပြီး အဲဒါကိုလည်း ပိတ်ထားရမှာဖြစ်တယ်။ စစ်ပွဲက အမြင့်ဆုံးကို ရောက်ရှိနေပြီး အစ္စရေးဟာ အရပ်ဘက် မျက်နှာစာအားလုံးမှာ တိုက်ပွဲဝင်နေကြောင်းနဲ့ အောင်ပွဲရဖို့ အချိန်လိုအပ်မှာဖြစ်ပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ စစ်ဦးစီးချုပ်က ပြောခဲ့သလိုပဲ စစ်ပွဲက လပေါင်းများစွာ ဆက်ရှိနေဦးမှာပဲ”လို့ နေတန်ယာဟုက ပြောပါတယ်။
အစ္စရေး-လက်ဘနွန်နယ်စပ်တလျှောက် နေ့စဉ်နီးပါး အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အီရန်ကို တိုက်ရိုက်တိုက်ခိုက်ဖို့ ရှားရှားပါးပါး အကြောင်းတရပ် ဖြစ်လာရကြောင်းကိုလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဟစ်ဇ်ဘိုလာက စစ်ပွဲကို ချဲ့ထွင်လာရင် စိတ်တောင်မကူးခဲ့ဖူးတဲ့ ထိုးနှက်မှုတွေ ခံရလိမ့်မယ်၊ အီရန်လည်း အတူတူပဲဖြစ်လိမ့်မယ်” လို့ နေတန်ယာဟုက ပြောပါတယ်။
အစ္စရေးကတော့ ဒီစစ်ပွဲကို စဖြစ်စေခဲ့တဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ရဲ့ အောက်တိုဘာ ၇ ရက် နယ်စပ်ဖြတ်ကျော် သတ်ဖြတ်မှုနဲ့ ပြန်ပေးဆွဲမှုမျိုး ထပ်မဖြစ်စေရအောင် တားဆီးတဲ့အနေနဲ့ ဂါဇာမှာ ဟားမတ်စ်တွေကို ချေမှုန်းပစ်ပြီးတော့ စစ်ကင်းမဲ့ဇုန်နဲ့ အစွန်းရောက်ကင်းမဲ့ဇုန်ဖြစ်ဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ အာဏာရ ဟားမတ်စ် အစ္စလာမ္မစ်တွေကို တိုက်ခိုက်တဲ့ စစ်ပွဲ ၁၃ ပတ်မြောက်ရှိလာပြီး ဟားမတ်စ်တွေဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးနေပြီး လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်တို့မှာ အီရန် ကျောထောက်နောက်ခံပြုအဖွဲ့တွေက အစ္စရေးကို ရန်စတိုက်ခိုက်မှုတွေ ရှိလာချိန်မှာ နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo - Reuters