လောက်ကိုင်ဒေသမှာရှိနေတဲ့ နိုင်ငံခြားသားတွေနဲ့ အမြန်ဆုံးပြန်ကြဖို့နဲ့ ဒေသခံတွေလည်း တိမ်းရှောင်ကြဖို့ ကိုးကန့်တပ်မတော်က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ၊ အမှန်တရားနဲ့ တရားမျှတသောအမျိုးသားပါတီ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ရဲ့ ရှမ်းပြည်အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်ရေးကော်မတီက ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ပြည်သူတွေရဲ အသက်တွေကို ဂရုမစိုက်ဘဲ အရပ်သား နေအိမ်တွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ အမြောက်အများ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း လောက်ကိုင်ဒေသမှာကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့် ပြည်သူ့စစ်တို့က တုံ့ပြန်တိုက်ခိုက်နေတာကြောင့် ဒေသတွင်းမှာ တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ အချိန်မရွေး ဖြစ်လာနိုင်ပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေသတွင်းမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံဘေးကင်းတဲ့နေရာကို အမြန်ဆုံး တိမ်းရှောင်ကြဖို့၊ နိုင်ငံခြားသားတွေအနေနဲ့ MNDAA ရဲ့ သက်ဆိုင်ရာဌာနဆီကို မြန်မြန် စာရင်းလာပေးပြီး တရားဝင်လမ်းကြောင်းကနေ အမြန်ဆုံး ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။
MNDAA အနေနဲ့ တရုတ်နိုင်ငံနဲ့အတူ ဆိုင်ဘာမှုခင်း(ကျားဖျင်) လုပ်သူတွေကို ဆက်လက်ပူးပေါင်းဖမ်းဆီးသွားမှာဖြစ်လို့ ဒေသတွင်းမှာ ဆက်နေထိုင်တဲ့ ကျားဖျင် လုပ်သူတွေဟာလည်း အဖမ်းမခံရဘူးလို့ မထင်ကြဖို့နဲ့ ကိုယ့်အသိစိတ်နဲ့ ကိုယ့်နိုင်ငံကို အမြန်ဆုံးပြန်ပြီး အပြစ်ဝန်ခံကြဖို့ တိုက်တွန်းထားပါတယ်။