ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ် မြို့လယ်ကို ဒီဇင်ဘာ ၃၀ ရက်က ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် လူ ၁၄ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရတယ်လို့ ရုရှား အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
လူနေရပ်ကွက်တခု ထိခိုက်မိခဲ့ပြီး မြို့သူမြို့သားအားလုံးကို လေကြောင်းတိုက်ခိုက်မှုကနေ ရှောင်ရှားရေး သတ်မှတ်စခန်းတွေဆီ ပြောင်းရွှေ့ဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗေချေဆလာ့ဗ် ဂိုလာကော့ဗ်က တယ်လီဂရမ်ပို့စ်ကနေ တိုက်တွန်းခဲ့ပါတယ်။
ယူကရိန်းမြောက်ပိုင်းနဲ့ကပ်လျက်ဖြစ်တဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသဟာ တခြား ရုရှားနယ်စပ်ဇုန်တွေလိုပဲ ယူကရိန်းအာဏာပိုင်တွေရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်တာကို တစ်နှစ်ပတ်လုံး ခံစားခဲ့ရပါတယ်။
ယူကရိန်းရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အစည်းအဝေး ခေါ်ဖို့ ရုရှားက တောင်းဆိုခဲ့တယ်လို့ ရုရှနိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာ ကို ကိုးကားပြီး နိုင်ငံပိုင် RIA သတင်းဌာနက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံအတွင်း တိုက်ခိုက်တာတွေအတွက် တာဝန်ရှိတယ်လို့ ရှားရှားပါးပါး ထုတ်ပြောတဲ့ ယူကရိန်းအစိုးရဆီက ခုတခါတော့ တရားဝင် မှတ်ချက်ပေးတာ ချက်ချင်း မလုပ်သေးပါဘူး။
ယူကရိန်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့နေ့က ယူကရိန်းမြို့တွေကို ရုရှားက ဗုံးကြဲတိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဘယ်လ်ဂိုရော့ဒ်မြို့က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း သတင်းဌာန RBC-Ukraineက သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြပါတယ်။
Source/Photo - Reuters