လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင်ကာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ နေရာကို တရားဝင်ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ ဒေသတွင်းမှာရော ကမ္ဘာမှာပါ မရေရာမှုတွေ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။
အင်အားကြီးနိုင်ငံတွေကြား ပြင်းထန်များပြားလာတဲ့ ယှဉ်ပြိုင်မှုတွေရဲ့ အကျိုးဆက်တွေဟာ ဒေသတွင်းသာမက ကမ္ဘာအနှံ့မှာပါ ရှိနေဆဲ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု အပြောင်းအလဲဆိုင်ရာ ပြဿနာတွေ၊ ကုန်စည်အထောက်အပံ့ ကွင်းဆက်ဆိုင်ရာ ပြဿနာတွေကို အာရုံမစိုက်နိုင်အောင် ရိုက်ခတ်သက်ရောက်လျက် ရှိနေပါတယ်။ အာဆီယံဥက္ကဋ္ဌနေရာကို တတိယအကြိမ် အလှည့်ကျလာတဲ့ လာအိုနိုင်ငံဟာ လက်ရှိစိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကြောင့် ဒီတကြိမ်မှာတော့ သတိကြီးစွာနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌနေရာ လွှဲပြောင်းမှုကို စက်တင်ဘာလ အစောပိုင်းမှာတည်းက ပြုလုပ်ခဲ့တာ ဖြစ်ပေမဲ့ လာအိုအနေနဲ့ ၂၀၂၄ ခုနှစ် ဥက္ကဋ္ဌနေရာအတွက် အချိန်ယူခဲ့ရပါတယ်။ အခုချိန်မှာတော့ ဟိတ်ဟန်မပါဘဲ တာဝန်ယူမှုအပြည့်နဲ့ ရှေ့ဆက်နိုင်ပြီဖြစ်ပါတယ်။ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဘာတွေလုပ်သွားမယ်ဆိုတဲ့ လာအိုရဲ့ အစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေ သိပ်မသိရပေမဲ့ အာဆီယံနည်းလမ်းအတိုင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့ ပုံစံနဲ့ ရပ်တည်သွားမှာဖြစ်တယ် ဆိုတာကိုတော့ ကြိုပြီး ခန့်မှန်းလို့ ရနိုင်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လာအိုရဲ့ အပြုအမူနဲ့ ဆောင်ရွက်ပုံတွေကို အနီးကပ် လေ့လာစောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ရေးကို ပိုမိုကောင်းမွန်စေမယ့် အာဆီယံဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆယ်လွန်မ်ဆေကွန်မာဆစ်က အာဆီယံဥက္ကဋ္ဌအနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ့် လာအိုရဲ့ ဦးစားပေးနယ်ပယ် ၉ ခုကို စင်ကာပူနိုင်ငံမှာ မကြာခင်ကပဲ ပြောကြားခဲ့ပါတယ်။
အာဆီယံအသိုင်းအဝိုင်းတခုလုံးနဲ့သာမက ပြင်ပမိတ်ဘက်နိုင်ငံတွေနဲ့ ပတ်သက်တာတွေလည်း ပါဝင်တဲ့ အဲဒီနယ်ပယ်တွေကတော့ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရေး၊ အားလုံးပါဝင်ပြီး ရေရှည်တည်မြဲမယ့် အနာဂတ် ဖော်ဆောင်ရေး၊ ဒီဂျစ်တယ်အနာဂတ်သို့ ကူးပြောင်းရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ယဉ်ကျေးမှုနဲ့ အနုပညာတွေ ပူးပေါင်းဖလှယ်ကာ ရေရှည်ရပ်တည်နိုင်ရေး၊ အာဆီယံအဖွဲ့အစည်းရဲ့ ၂၀၄၅ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ့် နည်းဗျူဟာမြောက် စီမံကိန်းများ ရေးဆွဲရန်၊ အာဆီယံ အဖွဲ့အစည်းအနေနဲ့ ပိုမိုသိပ်သည်းကျစ်လျစ်စွာ ရပ်တည်ရန် အားပေးဖော်ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖော်ဆောင်ရေး၊ အမျိုးသမီးများအရေး၊ ကလေးငယ်များအရေးနဲ့ ကျန်းမာရေးတို့ ဖြစ်ကြပါတယ်။
လာမယ့် ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံးအကြိမ်အဖြစ် လွမ်ဘရာဘမ်မြို့မှာ တွေ့ဆုံမယ့် အစည်းအဝေးမှာ အဲဒီ ဦးစားပေးနယ်ပယ်တွေ၊ လက်တွေ့ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အပြီးသတ်ကို တင်ပြနိုင်လိမ့်မယ်လို့ မစ္စတာ ဆယ်လွန်မ်ဆေက ပြောပါတယ်။ လာအိုရဲ့ လက်ထက်မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆက်သွယ်ချိတ်ဆက်ရေးနဲ့ ပတ်သက်တာမှန်သမျှကို ရှာဖွေဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကုန်းတွင်းပိတ်နိုင်ငံဖြစ်တာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်သွယ်ချိတ်ဆက်ရေးဟာ ဘယ်လောက်ထိ အရေးပါတယ် ဆိုတာကို လာအိုက နားလည်ထားပါတယ်။ ဆက်သွယ်ချိတ်ဆက်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရင်း ကုန်းတွင်းပိတ်နိုင်ငံကို အာဆီယံရဲ့ အချက်အချာဒေသအဖြစ် ပြောင်းလဲရေးဟာ ၂၀၂၄ ခုနှစ် အာဆီယံဥက္ကဋ္ဌရဲ့ လမ်းစဉ်နဲ့ရော အာဆီယံရဲ့ လုပ်ငန်းစဉ်များအတွက်ပါ အခြေခံအုတ်မြစ် ဖြစ်လာမှာ ဖြစ်ပါတယ်။
လာအိုရဲ့ ဥက္ကဋ္ဌသက်တမ်းကာလအတွင်းမှာ ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဒေသတွင်းက ပဋိပက္ခတွေနဲ့ ကမ္ဘာအနှံ့က လုံခြုံရေးဆိုင်ရာ ကမောက်ကမ ဖြစ်စဉ်တွေကြောင့် အာဆီယံရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်ခံနေရတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေကနေ ဘယ်လို ပုံစံပြောင်းလဲလာနိုင်တယ် ဆိုတာကို ဘယ်သူကမှ မသိနိုင်သေးပါဘူး။ ဒီအချိန်မှာတော့ လာအိုဟာ ဥက္ကဋ္ဌနေရာအတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
ထိပ်ဆုံးက ရင်ဆိုင်ရမယ့် ပြဿနာကတော့ မြန်မာ့အရေးပါပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မမြင်ရတဲ့ တန်ခိုးတွေ လိုလိမ့်မယ်လို့ မစ္စတာ ဆယ်လွန်မ်ဆေက ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ ဥက္ကဋ္ဌအသစ်အနေနဲ့ လာအိုဟာ အာဆီယံရဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး အနှစ်သာရရှိတဲ့ အောင်မြင်မှု တစုံတရာ ရှိထားကြောင်းကိုလည်း သေချာလေ့လာ သိရှိထားလိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ အာဆီယံအဖွဲ့က စစ်အာဏာရှင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အချက်ငါးချက်ပါ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပြောပြညှိနှိုင်းခဲ့ကြပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကိုတော့ မရခဲ့ကြပါဘူး။ အဲဒီနောက် ဘက်ပေါင်းစုံက အဖွဲ့တွေဟာ အောင်ပွဲတွေ ကြေညာနေကြသလို အရပ်သားသေဆုံးမှုတွေဟာလည်း ပိုလို့သာ များပြားလာခဲ့ပါတော့တယ်။
နောက်ကြောင်းပြန်ကြည့်လိုက်မယ်ဆိုရင် ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ သူတို့ရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးစီမံကိန်း အကောင်အထည် ပေါ်လာစေရေးအတွက် အခြေခံလုပ်ငန်းစဉ်တချို့ကို ဆောင်ရွက်နိုင်ခဲ့တာဟာ အသိအမှတ်ပြုစရာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရလဒ်တွေဟာ အာဆီယံနဲ့ လေ့လာစောင့်ကြည့်သူတွေက မျှော်လင့်ထားတဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေ၊ အောင်မြင်မှုတွေ မဟုတ်ပေမဲ့ သူတို့ရဲ့ အခြေခံလုပ်ငန်းတွေကြောင့် အချက်ငါးချက်ပါ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ရှေ့ဆက်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကြောင့် လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခတွေကို ချက်ချင်း မရပ်တန့်နိုင်ပေမဲ့ အာဆီယံဟာ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးစီမံကိန်းရဲ့ တစိတ်တဒေသအဖြစ် စစ်ကောင်စီ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို စတင်နိုင်ခဲ့ပါတယ်။ နောက်တဆင့်အဖြစ် အာဆီယံဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံရဲ့ ညှိနှိုင်းဆွေးနွေးရေး မိတ်ဘက်နိုင်ငံတွေက အတူပူးပေါင်းပြီး ငြိမ်းချမ်းရေးစီမံကိန်း အကောင်အထည်ပေါ် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ အဖွဲ့တွေအားလုံးက အရပ်သားတွေ လူမှုဒုက္ခတွေကို အလွန်အမင်း ဆိုးဆိုးရွားရွား ခံစားနေရတာကို သိရှိထားတာနဲ့အညီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှုတွေက မှတ်သားလောက်စရာ ဖြစ်ပါတယ်။ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးကလည်း သူတို့အနိုင်ရမယ်လို့ ယုံကြည်ပြီး တိုက်ပွဲတွေကို ပိုပြီးဖိအားပေးကာ တိုက်ခိုက်နေကြပါတယ်။
အခုလတ်တလောအတွင်းမှာပဲ စစ်ကောင်စီဟာ မြန်မာနိုင်ငံမြောက်ဘက်နဲ့ အနောက်မြောက်ဘက် ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းပြီး ဖိအားပေး ထိုးစစ်ဆင်ခဲ့ပါတယ်။ လက်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၁ ဒသမ ၅ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာမယ်ဆိုရင် အဲဒီအရေအတွက်က ထပ်များလာဖို့ပဲ ရှိပါတယ်။
ဒီလိုအခြေအနေတွေကြောင့်လည်း အာဆီယံရဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးနဲ့ အောင်မြင်ရေးအတွက် စစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ထိုင်းနိုင်ငံက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၄၀၁ ကီလိုမီတာအရှည်ရှိတဲ့ နယ်စပ်မျဉ်းကို မြန်မာနိုင်ငံနဲ့ မျှဝေပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ တိုက်ပွဲတွေကြောင့် အရပ်သားတွေ အလုံးအရင်းနဲ့ ထွက်ပြေးဝင်ရောက်လာတဲ့ဒဏ်ကို အခံရဆုံးလည်း ဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်မှုပုံစံဟာ သင့်လျော်ပြီး လိုအပ်တဲ့ပုံစံဖြစ်တယ်လို့ အာဆီယံနဲ့ မိတ်ဘက်နိုင်ငံတွေက အသိအမှတ်ပြုလာကြပြီလည်း ဖြစ်ပါတယ်။ အခုချိန်ထိတော့ အရင် အာဆီယံဥက္ကဋ္ဌတွေရဲ့ ကြိုးပမ်းမှုဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးစီမံကိန်းအပေါ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေသလို အနာဂတ်မှာ အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအပြင် အလွန်လိုအပ်လျက်ရှိတဲ့ ရေရှည်အကျိုးရှိစေမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဖော်ဆောင်နိုင်ရေးအတွက် အခြေခံကျတဲ့ အစိတ်အပိုင်းတွေကို တည်ဆောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ ငြိမ်းချမ်းတဲ့နည်းလမ်းကို ရဖို့အတွက် ထိုင်းနိုင်ငံရဲ့ အများလက်မခံတဲ့ပုံစံနဲ့ ချဉ်းကပ်နည်းတွေအပေါ် သေသေချာချာ နားမလည်သူတွေက အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို အားနည်းစေတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအဖြစ် အလှည့်ကျစဉ် အဓိက ဦးတည်ဆောင်ရွက်ချက်တွေဟာ စစ်ကောင်စီကို သူ့ရဲ့ရက်စက်မှု၊ ဒီမိုကရေစီစနစ် မကျင့်သုံးမှုနဲ့ အာဆီယံရဲ့ အစီအစဉ်မှာ ပူးပေါင်းပါဝင်ခြင်း မရှိမှုတို့အတွက် အပြစ်ပေးနိုင်ရေး ဖြစ်ပါတယ်။ အဲ့ဒါတွေကြောင့်လည်း မြန်မာ့အရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဖြစ်ပေါ်လာရေးအတွက် သူ့ရဲ့ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေဟာ အဖြေထွက်မလာနိုင်သေးတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနဲ့ မြန်မာစစ်ကောင်စီကြားက ယုံကြည်မှု အတိုင်းအတာဟာ မြင်သာထင်ရှားတဲ့ အဖြေတခု ထွက်ပေါ်လာသည်အထိ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နိုင်လောက်အောင် မရှိဘူးဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပြစရာမလိုအောင် သိသာနေပါတယ်။ အင်ဒိုနီးရှားရဲ့ မြန်မာစစ်ကောင်စီကို ဆက်သွယ်မှုတွေမှာ မြန်မာစစ်အာဏာရှင်တွေကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကနေ သီးခြားခွဲထုတ်ဖို့ ရည်ရွယ်ချက်တွေ ရှိနေတာတွေကိုလည်း မြင်တွေ့ရပါတယ်။
လာအိုက အာဆီယံဥက္ကဋ္ဌ အလှည့်ကျချိန်မှာလည်း မြန်မာ့အရေးကို ပိုမိုလျှို့ဝှက်တဲ့ ချဉ်းကပ်နည်းနဲ့ ဖြေရှင်သွားနိုင်ပြီး အင်ဒိုနီးရှားလိုတော့ အသံကောင်းမဟစ်ဘူးလို့ ယူဆရပါတယ်။ ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်းဖြစ်သူ ဝါရင့်နိုင်ငံရေးသမား အလောင်ကယာကစ်တစ်ကွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် တာဝန်ပေးလိုက်တာဟာ လာအိုက သူ့ရဲ့ တာဝန်အတိုင်း မြန်မာ့အရေးကို အလေးအနက် သဘောထားတယ် ဆိုတာကို ပြလိုက်တာပဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ တိုက်ချင်းပစ်ဒုံးတွေကို ဆက်လက်စမ်းသပ်နေဦးမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ နျူးကလီးယားအရေးဟာလည်း မြန်မာ့အရေးအပြင် နောက်ထပ် မထင်မှတ်ထားတဲ့ အရေးပေါ်ကိစ္စ ဖြစ်လာနိုင်ပါတယ်။ လာအိုက အာဆီယံဥက္ကဋ္ဌအဖြစ် အလှည့်ကျခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာလည်း မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေ အမြောက်အမြား လုပ်ခဲ့တာကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးက စိုးရိမ်နေခဲ့ရကာ လာအိုက မြောက်ကိုရီးယားနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့ရပါတယ်။
တောင်တရုတ်ပင်လယ်အရေး၊ ယူကရိန်း-ရုရှားစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကတော့ လာအိုအတွက် စိုးရိမ်စရာ သိပ်မရှိပါဘူး။ တောင်တရုတ်ပင်လယ်အရေးမှာ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ နည်းဥပဒေမူကြမ်းကို သက်ဆိုင်ရာနိုင်ငံတွေက တတိယအကြိမ်မြောက် ပြန်လည်သုံးသပ်တဲ့အဆင့်ကို ရောက်နေပြီး စတုတ္ထအကြိမ်မြောက် ပြန်လည်သုံးသပ်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားကြဖို့ ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ဘက်ကရော အာဆီယံဘက်ကပါ အမှန်တကယ် လိုက်နာကျင့်သုံးဖို့ အဆင်ပြေမယ့် အဓိပ္ပာယ်ရှိတဲ့ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ နည်းဥပဒေတခု ဖြစ်လာစေလိုကြောင်း ထင်ထင်ရှားရှား ဖော်ပြခဲ့ကြပြီး ဖြစ်ပါတယ်။
အခုတကြိမ်ဟာ မစ္စတာ ဆယ်လွန်မ်ဆေ အတွက် အာဆီယံကို ဦးဆောင်ရတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ မစ္စတာ ဆယ်လွန်မ်ဆေဟာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် အစောပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း ခံခဲ့ရပါတယ်။ အာဆီယံမိတ်ဘက်တွေနဲ့ ဆက်သွယ်ချိတ်ဆက်မှုမှာ သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံတွေဟာ လာအိုအတွက် ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားတဲ့ ၂၀၂၄ ခုနှစ်မှာ လာအိုကို အာဆီယံအတွင်း မိုမိုထင်ရှားလာအောင် ထောက်ပံ့ကူညီနိုင်မှာ ဖြစ်ပါတယ်။
ကဝီချောင်ကစ်တာဗွန်
ဘာသာပြန်-ဥဿာဆန်း
(အရှေ့တောင်အာရှရေးရာ ဝါရင့် ထိုင်းသတင်းစာဆရာ ကဝီချောင်ကစ်တာဗွန် ရေးသားထားတဲ့ “Lao PDR is ready for Asean challenges” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြသည်။)