မနေ့ညက ကစားသွားတဲ့ စကော့တလန်ချန်ပီယံရှစ်ပွဲစဉ်မှာ အရန်ဂိုးသမားတယောက်က ရှေ့တန်းမှာ လူစားဝင်ကစားပြီး အဝေးကန်ချက်နဲ့ သွင်းဂိုးရယူခဲ့ပါတယ်။
အာဘရို့သ် ဂိုးသမား အာလီအဒမ်ဟာ ပွဲချိန် ၅၈ မိနစ်မှာ တိုက်စစ်မှူးနေရာမှာ ဝင်ရောက်ကစားခဲ့ပြီး လှပေသေသပ်တဲ့ အဝေးကန်ချက်နဲ့ သွင်းဂိုးရယူနိုင်ခဲ့တာပါ။
ပြိုင်ဘက်အသင်းက ရေ့သ်ရိုဗာအသင်းက ၂ ဦးပြတ်နဲ့ ဦးဆောင်နေချိန်မှာ ချေပဂိုး ရယူပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၈၁ မိနစ်မှာ ပင်နယ်တီရရှိခဲ့တာကြောင့် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
ကွင်းထဲက ကစားသမား ၃ ဦးစလုံး လူစားလဲလှယ်အပြီးမှာ ဗဟိုနောက်ခံလူတစ်ဦး ဒဏ်ရာရရှိခဲ့တာကြောင့် အရန်ကစားသမား ၄ ဦးသာပါရှိတဲ့ အာဘရို့သ်အသင်းဟာ ဂိုးသမားဖြစ်သူ အာလီအဒမ်ကို တိုက်စစ်မှူးနေရာမှာ လူစားဝင်ကစားစေခဲ့တာပါ။
ကိုက် ၃၀ အကွာကနေ သွင်းယူခဲ့တဲ့ အာလီအဒမ်ရဲ့ သွင်းဂိုးဟာ အကောင်းဆုံးသွင်းဂိုးဆုအတွက် စိန်ခေါ် နိုင်ကြောင်း အာဘရို့သ်အသင်း နည်းပြက ချီးကျူးသွားပါတယ်။