မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ယောက်သေ၊ တယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ မတ္တရာ မျိုးမှန်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မန္တလေး-မိုးကုတ်လမ်းမကြီးအနီး တံတားဖြူတံတားနဲ့ မြို့ဆိုးကုန်းတံတားမှာ ကား နှစ်စီးနဲ့လာပြီး မိုင်းစစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မတ္တရာမျိုးမှန်တပ်ဖွဲ့ တာဝန်ရှိသူက “မြို့ဆိုးကုန်းတံတားအနီးမှာ မိုင်းထောင် ထားတယ်လို့ သတင်းရရှိထားတာကြောင့် အကြမ်းဖက်စကစတွေက မိုင်းကွင်း လာရောက် ရှင်းလင်းကြတာ ဖြစ်တယ်။ မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဥ် အကြမ်းဖက် စကစ ၄ ဦးဟာ မိုင်းကွင်းအနီးသို့ တဖြည်းဖြည်းချဥ်းကပ်လာခဲ့တယ်။ အဲဒီ အကြမ်းဖက်စကစ ၄ ဦး မိုင်းကွင်းပေါ်သို့ ရောက်လာချိန်မှာ ချိန်သားကိုက် မိုင်းခွဲနိုင်ခဲ့တာ” လို့ ပြောပါတယ်။
နောက်ဆက်တွဲ မြေပြင်သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးပြီး တယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်လို့လည်း တပ်ဖွဲ့က အတည်ပြု ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းကလည်း မတ္တရာအရှေ့ပိုင်းနယ်မြေက စစ်အုပ်စု အထိုင်ချတပ်စွဲထားရာ ပန်းသလဲတောင် စခန်းကုန်းပေါ်ကို မတ္တရာမျိုးမှန်တပ်ဖွဲ့က လက်နက်ကြီးနဲ့ ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်တပ်က စက်လက်ကြီး(ငါးကြင်းမြီး)၊ ၆၀မမ လက်နက်ကြီးတွေအပြင် RPG နဲ့ပါ တန်ပြန် ပစ်ခတ်ခဲ့ပေမဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ဘေးကင်းခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
မတ္တရာမျိုးမှန်တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးစတင်ချိန်ကနေ ဒီနေ့အချိန်အထိ စစ်ဆင်ရေးပေါင်း ၉၄ ခု ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်တော်သား ၂၄၄ ယောက်ကျော်ကို ရှင်းလင်းခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။