ဆားဘီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်နေကြတဲ့ ရာနဲ့ချီတဲ့ အတိုက်အခံဆန္ဒပြသမားတွေဟာ ဒီဇင်ဘာ ၂၉ ရက်က မြို့တော်ဘဲလ်ဂရိဒ်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့ စုဝေးချီတက်ခဲ့ကြပြီး ဆန္ဒပြကျောင်းသားတွေကလည်း မြို့လယ်ခေါင်က အဓိကလမ်းမကြီးကို ပိတ်ဆို့ထားပါတယ်။
ကျောင်းသားတွေဟာ ဆားဘီးယားမြို့တော်ရှိ အစိုးရအဆောက်အအုံ အသီးသီးနဲ့ နီးကပ်နေတဲ့ လမ်းမကြီးမှာ ရွက်ဖျင်တဲတွေကို နေရာချတပ်ဆင်ပြီး လမ်းပိတ်ဆို့ထားပါတယ်။
ကျောင်းသားတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေဟာ သမ္မတ အလက်ဆန်ဒါ ဗူးချိချ်ရဲ့ အစိုးရအဖွဲ့ဟာ မဲဆန္ဒရှင်စာရင်းတွေကို လှည့်ဖြားတာ၊ သေဆုံးပြီးသား သူတွေကို မဲစာရင်း ထည့်သွင်းထားတာနဲ့ ကိုဆိုဗိုနဲ့ဘော့စနီးယားက မဲဆန္ဒရှင်တွေကို ဘဲလ်ဂရိဒ်ကို ခေါ်ဆောင်တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲအပြစ်တင်ထားပြီး ရွေးကောက်ပွဲရလဒ်ကလည်း မူမမှန်မှုတွေကြောင့် ပျက်ပြားသွားပြီလို့လည်း ဆိုပါတယ်။
ဒီစွပ်စွဲချက်တွေကို အာဏာပိုင်တွေကတော့ ငြင်းဆိုထားပါတယ်။ ဒီနေ့လည်း ဆန္ဒပြပွဲကြီးတခု ပြုလုပ်ဖို့ စီစဉ်ထားပြီး အစိုးရကလည်း လမ်းသရဲတွေကိုခေါ်ဆောင်ထားပြီး အကြမ်းဖက်မှုလုပ်ဖို့ အကွက်ချနေတယ်လို့ အတိုက်အခံခေါင်းဆောင်တွေက စွပ်စွဲထားပါတယ်။
အကြမ်းဖက်မှုဆန့်ကျင်ရေး ဆားဘီးယား လှုပ်ရှားမှုဟာ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အဦရှေ့မှာ နေ့စဉ် ဆန္ဒပြမှုတွေ ပြုလုပ်နေတာပါ။
ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းမှာ ဆန္ဒပြမှုကနေ အကြမ်းဖက်မှုဆီ ပြင်းထန်လာပြီး လူ ၃၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
Source/Photo - Reuters