အာဂျင်တီးနား ဆေးဝါးပညာရှင်တွေဟာ သမ္မတ ဟားဘီယားမီလေ့ရဲ့ အစိုးရသစ်က အဆိုပြုထားတဲ့ ဆေးဝါးတွေရောင်းချခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း အပြောင်းအလဲတွေကို လမ်းတွေပေါ်ထွက် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
တိုင်းပြည်မှာ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည်ထိန်းညှိဖို့ ပြုပြင်ပြောင်းလဲမှု အစီအမံ ၃၀၀ ကျော်ကို အဆိုပြုထားတဲ့ သမ္မတရဲ့ အမိန့်ဒီကရီကို ရပ်တန့်ပေးဖို့ မြို့တော် ဗျူးနို့စ်အေရိစ်ရှိ တရားရုံးမှာ ဆေးဝါးပညာရှင်တွေက အယူခံတင်သွင်းခဲ့ပါတယ်။
အစိုးရအဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုအရ ဆေးအရောင်းဆိုင် (OTC) တွေမှာ ရောင်းချတဲ့ဆေးဝါးတွေနဲ့ ရှုပ်ထွေးတဲ့ နာတာရှည်ရောဂါတွေအတွက် ဈေးကြီးတဲ့ အထူးထိုးဆေး သောက်ဆေးတွေကို ဆေးဆိုင်ပြင်ပနေရာတွေမှာ မှတ်ပုံတင်ဝန်ထမ်း မဟုတ်သူတွေကိုပါ ရောင်းချခွင့် ပြုထားတာပါ။
ဆန္ဒပြ ဆေးဝါးပညာရှင်တွေကတော့ ဒီအစီအမံအသစ်ဟာ သူတို့ရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ထိပါးလာတာအပြင် အများပြည်သူဘေးကင်းရေးကို ထိခိုက်စေမယ်လို့ ပြောခဲ့ကြပါတယ်။ ဒီအစီအမံဟာ မဖြစ်မနေ အလောတကြီးအပြောင်းအလဲလုပ်ဖို့ မလိုအပ်ဘူးလို့လည်း ထင်မြင်ကြပါတယ်။
ဆေးအရောင်းဆိုင်မှာ ရောင်းချတဲ့ဆေးဝါးတွေဟာ ဆေးဝါးပညာရှင်က ဘေးကင်းလုံခြုံမှုကို အာမခံထားတဲ့ ဆေးဝါးသာဖြစ်ပြီး ဒီအမိန့်က အတည်ပြုပြီးရင် ဘယ်နေရာမှာမဆို ဆေးဝါးတွေကို ဝယ်လို့ရနိုင်တယ် ဆိုပေမဲ့ ပြည်သူ့ကျန်းမာရေးအတွက် အာမခံနိုင်မှု မရှိတော့ဘူးလို့ ဆေးဝါးပညာရှင် ဒီယေဂို မီရန်ဒါ က ပြောပါတယ်။
ဒီကိစ္စဟာ သမ္မတကို ဆိုးဆိုးရွားရွား အကြံပေးခဲ့တာလို့ ထင်မြင်ယူဆကြောင်းနဲ့ သမ္မတဟာ ကိစ္စတော်တော်များများမှာ အလွန်ဝေဖန်စိစစ်ခဲ့ပေမဲ့ ဒီကိစ္စမှာတော့ သူ့ကျွမ်းကျင်ရာ ပရော်ဖက်ရှယ်နယ်ကို ကျော်လွန်ပြီး အမှားအယွင်း လုပ်မိတယ်လို့ နားလည်သဘောပေါက်မိကြောင်း အာဂျင်တီးနား ဆေးဝါးဆိုင်ရာ ကွန်ဖက်ဒရေးရှင်း အဖွဲ့ဝင် လူးဝစ်စ်အလ်ဘာတို ဆာလ်ဗီ က ပြောပါတယ်။
သမ္မတသစ် မီလေ့ သမ္မတရာထူး စတင်တာဝန်ယူခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကတည်းက သူ့ရဲ့ပြုပြင်ပြောင်းလဲရေး အစီအမံတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အများအပြား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Source/Photo - Reuters