တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့၊ မန့်မိုင်ရွာက ဆုတောင်းတောင်ကုန်း လူသွားလမ်းကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီက မြေကော်စက်နဲ့ ကျင်းတူးပြီး လမ်းဖြတ်တောက် ထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဘယ်သူမှ သွားလို့မရတော့ဘူး။ မူဆယ်အဝင် ကျနော်တို့ကို ဒီတခေါက် နောက်ဆုံးပဲသွားလို့ မှာလိုက်တယ်။ လုံးဝ သွားလို့ မရတော့ဘူး” လို့ ပြောပါတယ်။
လိုင်းကားသမား တယောက်ကလည်း မူဆယ် စက်မှုကနေ နမ့်ခွမ် သွားတဲ့လမ်း၊ နမ့်ခွမ်ရွာက ညောင်ပင်နားမှာလည်း လမ်းမကို မြေကော်ကျင်းတူး ဖြတ်တောက်ထားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတွေက ပြီးခဲ့တဲ့လကစပြီး မန့်မိုင်ရွာ ဆုတောင်းတောင် သွားရာလမ်းကို သံဆူးကြိုးတွေနဲ့ကာပြီး မိုင်းရှိကြောင်း စာတွေချိတ်ထားကာ ပြည်သူ့စစ်တွေ စောင့်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ နမ့်တောင်းရွာကနေ ပြည်ထောင်စုလမ်းမပေါ်က မော်တောင်းရွာကိုပေါက်တဲ့ လမ်းမ၊ နမ့်တောင်း - ဖာဖိတ်လမ်းကို စစ်ကောင်စီက မြေကော်စက်နဲ့ ကျင်းတူးပြီး လမ်းဖြတ်တောက်ခဲ့ပါတယ်။