ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ၇ နိုင်ငံ အုပ်စု G7 ရဲ့ ခေါင်းဆောင်တွေဟာ ထိန်းချုပ် ခံထားရတဲ့ ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၃၀၀ ကို သိမ်းယူဖို့ ဆုံးဖြတ်ရင် သိမ်းဆည်းရမယ့် အနောက်နိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေလည်း ရုရှားမှာရှိတယ်လို့ ကရင်မလင်နန်းတော်က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
G7 ခေါင်းဆောင်တွေ လာမယ့် ဖေဖော်ဝါရီလမှာ တွေ့ချိန်မှာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင် မှုတွေကို သိမ်းနိုင်မယ့် တရားဝင်နည်းလမ်းသစ်တွေဆွေးနွေးကြမယ်လို့ အစီအစဉ်တွေနဲ့ နီးစပ်သူနှစ်ဦးနဲ့ ဗြိတိန်အရာရှိတစ်ဦးက ပြောလိုက်ပါတယ်။
ကရင်မလင်နန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က အနောက်နိုင်ငံတွေရဲ့ ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ်နဲ့ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေလိမ့်မယ်လို့ ပြောပါတယ်။
ရုရှားဟာ လက်တုံ့ပြန်နိုင်တဲ့ အလားအလာတွေကို ခွဲခြမ်းစိပ်ဖြာခဲ့တယ်လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားက သိမ်းယူနိုင်တဲ့ ပိုင်ဆိုင်မှုစာရင်း ရှိ၊ မရှိ မေးမြန်းရာမှာ ပဲ့စ်ကို့ဗ်က “ရှိပါတယ်”လို့ ပြောပါတယ်။
စာရင်းတွေထဲမှာ ဘယ်လို ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ အသေးစိတ်ကို ပြောဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။
ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုဒေါ်လာ ဘီလီယံ ၃၀၀ လောက်ကို အနောက်နိုင်ငံတွေမှာ လောလောဆယ် ထိန်းချုပ်ကန့်သတ်ထားပါတယ်။
ဗဟိုဘဏ်က ဘယ်လိုပိုင်ဆိုင်မှုတွေကို ထိန်းချုပ် ကန့်သတ်ထားတယ်ဆိုတာကို အတိအကျ အသေးစိတ်မမဖော်ပြထားပေမဲ့ ငွေချေးစာချုပ်တွေနဲ့ အပ်ငွေအများစုကို ယူရို၊ အမေရိကန်ဒေါ်လာနဲ့ ဗြိတိန်ပေါင် စတာလင်ငွေတို့နဲ့ ခွဲခြားအပ်နှံထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
Source/Photo - Reuters