တရုတ်ပြည်မကြီးအစိုးရက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေနဲ့ ၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဟောင်ကောင်လွတ်လပ်ရေးလိုလားတဲ့ အဖွဲ့ခေါင်းဆောင် တိုနီချန်းဟာ ဗြိတိန်နိုင်ငံဆီ ထွက်ပြေးသွားပြီး နိုင်ငံရေး ခိုလှုံခွင့် တရားဝင်လျှောက်ထားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ချန်းဟာ လုံခြုံရေးဥပဒေ အသက်မဝင်မီ ၂၀၂၀ ပြည့်နှစ်မှာ ဖျက်သိမ်းခဲ့တဲ့ ဟောင်ကောင် လွတ်လပ်ရေးကို လိုလားတဲ့ Studentlocalism အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းပါ။
တိုနီချန်းက "ဟောင်ကောင် ပြည်ပြေးတယောက်အနေနဲ့ ကျနော်တတ်နိုင်သမျှ ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ပညာဆက်သင်ဖို့ စီစဉ်ထားတယ်”လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ ပြောပါတယ်။
ချန်းဟာ တရားစွဲခံရချိန်မှာ U.S. Studentlocalism ဌာနခွဲနဲ့ Initiative Independence Party လို့ခေါ်တဲ့ အဖွဲ့အစည်း တစ်ခုရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ တာဝန်ယူ ဆောင်ရွက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
လွတ်လပ်ရေးလိုလားတဲ့ တီရှပ်တွေ၊ အလံတွေနဲ့ စာအုပ်တွေကို သူ့အိမ်ကနေ သိမ်းဆည်းခဲ့တယ်လို့လည်း အစိုးရရှေ့နေတွေက ပြောပါတယ်။
ဗြိတိသျှ ကိုလိုနီဟောင်း ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ အုပ်ချုပ်မှု အောက်ကို ပြန်ရောက်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြင့်မားရေး ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်က ကတိကို ချိုးဖောက်တယ်လို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်တိုင်း အစိုးရတချို့က စွပ်စွဲထားပြီး တရုတ်ပြည်မကြီး အစိုးရကတော့ ငြင်းဆိုထားပါတယ်။
Source/Photo - Reuters