ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး - နမ္မတူ လမ်းမပေါ်ရှိ အီနိုင်းရွာမှာ ဒီဇင်ဘာ ၂၉ ရက် ညနေမှာ အမျိုးသမီးတဦး မိုင်းနင်းမိပြီး ခြေထောက် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"အိနိုင်းမှာ မိုင်းနင်းမိတယ်။ နာမည်တော့ မသိလိုက်ဘူး၊ မိုင်းနင်းမိတာပဲ သိလိုက်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းနင်းမိတဲ့ အမျိုးသမီးက ခြေထောက်တဖက် ကျိုးကြေသွားတာကို မှတ်တမ်း ဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
ဒေသခံ နောက်တဦးက "အရပ်သား၊ လမ်းဘေးမှာ နင်းမိတာ။ နာမည် မသိဘူး၊ ဘာလူမျိုးဆိုတာ လည်း မသိဘူး။ အီနိုင်းရွာက လို့ပဲ သိရတယ်" လို့ ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေးတင်းမာနေပြီး အများပြည်သူ သွားလာနေတဲ့ နေရာတွေ ဖြစ်ပေမဲ့ မြေမြှုပ်မိုင်းတွေ မကြာခဏ နင်းမိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။