ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ ရဲတပ်ရင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ ဝသဲရပ်ကွက်က အသက် ၇၀ အရွယ် ဦးကျန်မောင်ရဲ့ ဦးခေါင်းမှာ သေနတ်ကျည်ထိမှန်ပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် နီးစပ်ရာဆေးရုံကို ပို့ဆောင်ကာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ပြောပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကနေ ၂၈ ရက် နေ့လယ်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ ၁၇ ယောက်သေဆုံးကာ ၃၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက် ၁၁ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးသီးအလုံး ၂၀ လောက် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဆမီးမြို့ အမှတ် ၂ ရပ်ကွက် လိပ်ကုန်းကွက်သစ် ဘုရားကျောင်းအနီးကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကလေးငယ် ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဗုံးစထိမှန်မှုကြောင့် ၉ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး၊ ၅ နှစ်အရွယ်နဲ့ ၃ နှစ်အရွယ် ကလေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဆမီးမြို့ခံတဦးက “သူတို့က လေယာဉ်လာလို့ မိသားစုလိုက် ထွက်ပြေးတဲ့အချိန်ပေါ့၊ သားသမီး ၃ ယောက်လုံး ဒဏ်ရာရတယ်။ ၉ နှစ်ကလေးက ပေါင်ထိတယ်၊ နောက်ကလေး ၂ ယောက်က ခြေသလုံးထိတယ်။ ဒဏ်ရာရတဲ့ ကလေးတွေမိသားစုကို ဆေးကုပေးမယ်ဆိုပြီး ဆမီးဗျူဟာကုန်းက စစ်သားတွေ လာခေါ်သွားတယ်” လို့ ပြောပါတယ်။
ဆမီးမြို့မှာ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက CDF ပလက်ဝနဲ့ ဆမီးဆေးရုံသစ်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
—-------------------------------