မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ပျူစောထီးတယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာက ပျူစောထီး ငြိမ်းဇော်မင်းဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးခေါင်းဆောင်တို့ရဲ့ အနိုင်ကျင့် နှိပ်စက်တာတွေကို မခံချင်တော့တာကြောင့် အမြင်မှန်ရရှိကာ မြိုင်မြို့နယ်ပကဖကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ပြောပါတယ်။
အဲဒီပျူစောထီးဟာ လက်ပစ်ဗုံးတလုံး၊ ၅ ဒသမ ၅၆ ကျည် ၆၇ တောင့်၊ ကာဘိုင်ကျည် အတောင့် ၃၀၊ AK ကျည် တတောင့်၊ G3 ကျည် ၂ တောင့်နဲ့ ၄ ဒသမ ၈ ကျည် ၁၆ တောင့် ယူဆောင်လာပြီး မြိုင်ပကဖထံကို အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်ပကဖအနေနဲ့ ကိုငြိမ်းဇော်မင်းကို လုံခြုံတဲ့နေရာတွေမှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပြီး နောက်နောင်မှာလည်း ပျူစောထီး၊ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေအနေနဲ့ ပြည်သူလူထုဆီမှာ အလင်းဝင်ရောက်မယ်ဆိုရင် အသက်အာမခံချက်ပေးပြီး စားဝတ်နေရေးပါ တာဝန်ယူပေးမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူတွေ များပြားလာနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၄,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။