ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်း စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိပြီး နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့နယ် မြောင်းဘွေတိုက်နယ်အတွင်းက ကျေးရွာတွေကို မနေ့ မွန်းလွဲ ၁ နာရီ ၅၂ မိနစ်မှာ စစ်ကောင်စီရဲ့ မကွေးလေတပ်စခန်းက ဂျက်တိုက်လေယာဥ်တစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကိုင်းတော(မွတ်ဆလင်ရွာ)မှာ ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ကာ မွတ်ဆလင်အမျိုးသားတယောက် သေဆုံးခဲ့ပြီး တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ဘူးတလုံးကျေးရွာမှာလည်း ဂျက်တိုက်လေယာဥ်က ဗုံးကြဲခဲ့လို့ မွတ်ဆလင် အမျိုးသမီးတယောက် သေဆုံးကာ အမျိုးသားတယောက် ခြေထောက်ပြတ်ထွက်သွားတယ်လို့ ပြောပါတယ်။
မြောင်းဘွေကျေးရွာမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကိုင်းတော ကျေးရွာနဲ့ ပေါင်းတုတ်ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲကာ အမျိုးသားတယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကနေ ၂၈ ရက် ညပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ ၁၇ ယောက် သေဆုံးကာ အယောက် ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ကွန်းတောင်ကျေးရွာနဲ့ မင်းချောင်းတံတားကြားကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်မှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကွန်းတောင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွန်းတောင်ကျေးရွာက အသက် ၄၀ အရွယ် ဦးသန်းထွန်းရဲ့ ညာဘက်လက်မှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ကွန်းတောင်ကျေးရွာနဲ့ မင်းချောင်းတံတားကြားကို ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး လူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ကွန်းတောင်ရွာနားမှာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူးဗျ။ စစ်ကောင်စီရဲ့ ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်း၊ ပါဒလိတ်အခြေစိုက် ၂၃၂၊ ၃၄၄ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကွန်းတောင်ကျေးရွာရဲ့ အနီးပတ်ဝန်းကျင်တွေမှာ မကြာခဏ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်။”
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၅၀ ကျော်လောက် သေဆုံးကာ ၁၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။