ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့ ဒီဇင်ဘာ ၂၇ ရက်က မော်စကိုမှာ တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှားနဲ့ အိန္ဒိယတို့ စစ်လက်နက်ပစ္စည်းတွေကို ပူးပေါင်းထုတ်လုပ်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေကို ရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုဟာ မဟာဗျူဟာ သဘောသဘာဝဖြစ်ပြီး နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်ကြောင်းနဲ့ ယူရေးရှားတိုက်ကြီးရဲ့ လုံခြုံရေးကို သေချာအကူအညီပေးမှာဖြစ်ကြောင်း ဆာဂီလာ့ဗရော့ဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မော်စကိုဟာ စစ်ဘက်ဆိုင်ရာ ဟာ့ဒ်ဝဲ ပေးသွင်းထောက်ပံ့သူတွေကို ချဲ့ထွင်လိုတဲ့ အိန္ဒိယရဲ့ ဆန္ဒကို လေးစားမှုရှိပြီး အိန္ဒိယနိုင်ငံအတွက် လိုအပ်တဲ့ပစ္စည်းတွေကို အိန္ဒိယမှာ ထုတ်လုပ်ချင်တဲ့ နယူးဒေလီရဲ့ ဆန္ဒကိုလည်း ပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေပါကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောကြားခဲ့ပါတယ်။
အိန္ဒိယဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး မော်စကိုအပေါ် အနောက်အုပ်စုက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ရုရှားရဲ့ အဓိကစီးပွားရေးမိတ်ဘက်နိုင်ငံ ဖြစ်လာခဲ့တာပါ။
ရုရှားဟာ သူ့ရဲ့ ရေနံတင်ပို့မှု အများအပြားကို အိန္ဒိယကို လမ်းကြောင်းပြောင်းခဲ့ပြီး သူတို့ ၂ နိုင်ငံစလုံး ပါဝင်ထူထောင်ထားတဲ့ BRICS အဖွဲ့ရဲ့ နိုင်ငံတွေအတွင်း သံခင်းတမန်ခင်းကို အရှိန်မြှင့်ခဲ့ပါတယ်။
ဂျိုင်ရှန်ကာရဲ့ အဆိုအရ အိန္ဒိယ-ရုရှား ကုန်သွယ်မှုဟာ အခုနှစ်မှာ ဒေါ်လာ ၅၀ ဘီလီယံအထိ မြင့်မားမယ်လို့ ခန့်မှန်းထားပါတယ်။
နယူးဒေလီဟာ ရုရှားနိုင်ငံနဲ့ ၂ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အပြင် မော်စကို ဦးဆောင်တဲ့ ယူရေးရှန်း စီးပွားရေးသမဂ္ဂနဲ့လည်း လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ စိတ်အားထက်သန်နေကြောင်း သူက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters