မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ မနေ့ ဒီဇင်ဘာ ၂၇ ရက် မနက် ၁ နာရီ ၁၀ မိနစ်လောက်မှာ သမက်ဖြစ်သူက ယောက္ခမရဲ့ နေအိမ်ကို မီးရှို့ရာက နေအိမ် ၂ လုံး မီးလောင် ပျက်စီးခဲ့ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်ပိုင်ရှင်ဟာ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်၊ နယ်မြေ ၈၊ ဝါရီရူလမ်းရှိ ဒေါ်ခင်ညွန့်ရဲ့အိမ်ဖြစ်ပြီး သမက်ဖြစ်သူ ဦးခင်အေးနဲ့ သမီး ဒေါ်ခင်သန်းတို့ စကားများ ရန်ဖြစ်ရာမှ သမက်ဖြစ်တဲ့သူက ယောက္ခမနေအိမ်ကို မီးရှို့ခဲ့လိုက်တာလို့ သိရပါတယ်။
အဲ့ဒီလို မီးရှို့ခံရတာကြောင့် ဒေါ်ခင်ညွန့်ရဲ့ ၁၅ ပေ x ၂၄ ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နေအိမ် ၁ လုံးအပြင် အဲ့ဒီနေအိမ်ဘေးမှာရှိတဲ့ ဦးတိုးတိုးရဲ့ ၁၂ ပေ x ၁၅ ပေ ဖက်မိုး၊ ဖက်ကာ၊ ဝါးခင်းနေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ပေါ်မှာရှိနေတဲ့ ဒေါ်ခင်ညွန့်ရဲ့ အသက် ၇ နှစ်အရွယ် မိသွန်း ပကထောဆိုတဲ့ ကလေး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိတဲ့ ဒေသခံတယောက်က “မီးငြိမ်းသွားတော့ ကလေးမလေးကို လိုက်ရှာကြတဲ့အခါမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်ရဲ့ အဝတ်ပုံတွေကြားထဲမှာ သေဆုံးနေတာ တွေ့ကြရတာ။ ကလေးက အသက် ၇ နှစ်ပဲရှိသေးတာ” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုကို ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် ၁ စီး၊ ဇင်းကျိုက်နယ်မြေ မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးတို့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့ခံပြည်သူတွေက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁ နာရီ ၅၀ မိနစ်လောက်မှာ မီးငြိမ်းသွားခဲ့တာလို့ သိရပါတယ်။
မီးလောင်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေါ်ခင်ညွန့်ရဲ့ နေအိမ်ကို မီးရှို့ခဲ့သူ ဦးခင်အေးကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဇင်းကျိုက်နယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ ၁ ရပ်ကွက်၊ သင်္ဘောဦးရပ်၊ ဘုရင့်နောင်လမ်းသွယ် ၁ မှာ ပါဝါဘန့် အားသွင်းထားရာက အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် နေအိမ် ၄ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။