၁၆၀၁ ခုနှစ် အင်္ဂလိပ်နှင့် ဝေးလ် ဆင်းရဲသားဥပဒေသည် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရန် စတင်ကြိုးပမ်းခဲ့သော ဥပဒေများထဲမှ တခုဖြစ်သည်။ ၁၄ ရာစု အလယ်လောက်ကတည်းက ပြဋ္ဌာန်းလာခဲ့သော ဥပဒေအမျိုးမျိုးပေါ်တွင် အခြေခံကာ ရေးဆွဲခဲ့သည့် ဥပဒေတရပ်လည်း ဖြစ်သည်။ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအကျိုးဆက်များ၊ ပုဂ္ဂလိကအခြေအနေများကို ဖြေရှင်းရန် ဥပဒေများ လိုအပ်သည် ဆိုသော အမြင်ပေါ်တွင် အခြေခံကာ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆင်းရဲသားများ၏ ကံကြမ္မာကို အခွင့်အလမ်းနှင့် ပရဟိတအပေါ်တွင်သာ ပုံချလို့မရကြောင်း ယူဆခဲ့ကြပါသည်။
အခက်အခဲ အကျပ်အတည်း ကြုံလျှင် ထောက်ပံ့နိုင်သော လူတယောက်၏ ဥပဒေရေးရာ အခွင့်အရေးကို ဤဥပဒေတွင် ပြဋ္ဌာန်းမထားပါ။ သို့သော် အုပ်ချုပ်သူများအနေဖြင့် အခွန်ကောက်ခံရရှိမှုမှတဆင့် ဝိုင်းဝန်းထောက်ပံ့ရန် ဥပဒေအရ တာဝန်ရှိကြောင်းကိုတော့ ပြဋ္ဌာန်းထားသည်။ ထိုကဲ့သို့ အခွန်ကောက်ခံမှုမှတဆင့် ဆင်းရဲသားများကို ထောက်ပံ့ရမည် ဆိုသည့် အယူအဆမှာ နောင် ၁၉ ရာစုနှောင်းပိုင်း ဗြိတိန်၊ ဂျာမနီနှင့် အခြားသောနိုင်ငံများတွင် ပေါ်ထွက်လာမည့် နိုင်ငံတော်ဖူလုံရေးစနစ်အတွက် ဥပဒေအုတ်မြစ်သဖွယ် ဖြစ်လာခဲ့ပါသည်။
လုပ်အားလိုအပ်ချက်
၁၃၄၈-၁၃၅၀ ပလိပ်ရောဂါ ဖြစ်ပွားလာပြီးနောက် ဆင်းရဲသားဥပဒေများ လိုအပ်လာခဲ့သည်။ ထိုပလိပ်ရောဂါသည် အင်္ဂလန်ရှိ လူဦးရေ ၃၀-၄၀ ရာနှုန်းအထိ သေဆုံးစေခဲ့သည်။ ယင်းနှင့်အတူ အလုပ်သမား လိုအပ်ချက်မှာလည်း ကြီးမားလာခဲ့ပေသည်။ ၁၃၅၁ တွင် အင်္ဂလန်ပါလီမန်သည် အလုပ်သမားဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ ကျန်းမာသန်စွမ်းသူများသည် မဖြစ်မနေ အလုပ်လုပ်ကြရမည်ဖြစ်ပြီး ပလိပ်မဖြစ်ပွားခင်က လုပ်အားခအတိုင်း ၎င်းတို့ကို ပေးမည်ဖြစ်သည်။ သို့ရာတွင် အလုပ်သမားများသည် လုပ်အားလိုအပ်ချက်ကို သူတို့ပြောင်းရွှေ့ချင်သည့် နေရာရဖို့နှင့် လုပ်ခပိုမိုရရှိဖို့ အရွေ့တခုအဖြစ် ရှုမြင်ခဲ့ကြသည်။ ၁၃၈၈ တွင် အင်္ဂလန်ပါလီမန်သည် ကိန်းဘရစ်ချ်ဥပဒေဖြင့် အလုပ်သမားတို့၏ ယင်းလုပ်ဆောင်ချက်ကို တန်ပြန်ခဲ့သည်။ ထိုဥပဒေအရ အလုပ်သမားများ၊ တောင်းရမ်းသူများသည် အခြားနယ်မြေများသို့ လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်မရှိ၊ သူတို့နယ်မြေတွင်သာ နေထိုင်ခွင့်ရပြီး သူတို့အလုပ်ရှင်များအတွက် စျေးပေါပေါနှင့် လုပ်ပေးစေရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်သည်။ အပြန်အလှန်အားဖြင့် ဒေသန္တရအာဏာပိုင်များအနေဖြင့် အလုပ်လုပ်နိုင်စွမ်း မရှိသူများအတွက် အခြေခံ ထောက်ပံ့စရိတ်များပေးရန် ဥပဒေအရ တာဝန်ရှိကြောင်း ဆက်လက်ပြဋ္ဌာန်းထားသည်။ ဤသို့ဖြင့် ဆင်းရဲသားများ သက်သာချောင်ချိရေးအတွက် ဘက်နှစ်ဘက်ဖြင့် ချဥ်းကပ်သောစနစ် ပေါ်လာခဲ့ပါသည်။ ဆိုလိုသည်မှာ ဆင်းရဲသားဥပဒေသည် တဖက်တွင် ဆင်းရဲသားများကို ထောက်ပံ့ပေးရန်ဖြစ်ပြီး အခြားတဖက်တွင်မူ ဆင်းရဲသားများကို လုပ်အားခနိမ့် အလုပ်များကို အတင်းအကျပ်ခိုင်းစေသည့် တင်းပုတ်သဖွယ် ဖြစ်လာခဲ့ပါသည်။
တောင်းရမ်းသူများနှင့် အိမ်ခြေရာမဲ့များ
အလုပ်လုပ်နိုင်စွမ်းရှိသူများကတော့ မဖြစ်မနေ အလုပ်လုပ်ကြရသည်။ ကျန်းမာကြံ့ခိုင်သော တောင်းရမ်းသူများ၊ အိမ်ခြေရာမဲ့များအား ပြစ်ဒဏ်ပေးရေးဥပဒေ ၁၅၃၆ အရ အလုပ်အကိုင်မရှိ၊ အိမ်မကပ်ဘဲ လေလွင့်သူများကို ခြေသလုံးအိမ်တိုင်သမားအဖြစ် သတ်မှတ်ပြီး ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်လေ့ရှိသည်။ ပြစ်ဒဏ်များမှာ ကျာပွတ်ဖြင့်ရိုက်ခြင်း၊ နားရွက်တဖက် ဖြတ်ပစ်ခြင်းနှင့် ကွပ်မျက်ခြင်းတို့ ဖြစ်သည်။
၁၆ ရာစု ဥပဒေများတွင်မူ အဲ့သည်ထက် ဆိုးရွားသော ပြစ်ဒဏ်များ ထပ်ထည့်ခဲ့ကြသလို အိမ်ခြေရာမဲ့များကိုလည်း ဘယ်လောက်ပဲ ဆိုးရွားတဲ့အလုပ်ဖြစ်ပါစေ ကမ်းလှမ်းလာပါက လက်ခံလုပ်ကိုင်ကြရမည်ဟု ပြဋ္ဌာန်းထားသည်။ မသန်စွမ်းသော အလုပ်သမားများအနေဖြင့် ကိုယ့်အိမ်မှာကိုယ် လုပ်ရတာကိုပင် ငြင်းဆန်မည်ဆိုပါက ထောင်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။
ကျူဒါ(Tudor)ဘုရင်ခေတ် (၁၄၈၅-၁၆၀၃) တွင် အင်္ဂလန်၏ လူဦးရေမှာ ကြောက်မက်ဖွယ်ရာ များပြားလာခဲ့သည်။ ယင်းနှင့်အတူ ကုန်စျေးနှုန်းများ ကြီးမြင့်လာကာ လုပ်ခများမှာလည်း ထိုးဆင်းသွားတော့သည်။ သို့ဖြစ်ရာ ပြည်သူများမှာ ကိုယ့်စားဝတ်နေရေးကိုပင် မဖူလုံနိုင်ကြတော့ပေ။ ထို့အပြင် ဟင်နရီဘုရင် ၈ ၏ ဘုရားကျောင်းများကို ဖျက်သိမ်းလိုက်တာကလည်း အခြေအနေကို ပိုလို့ဆိုးရွားသွားစေသည်။ ဘုရားကျောင်းတွေ မရှိတော့ရာ ဆင်းရဲသားများအတွက် နေစရာ၊ စားစရာ ဘုံပျောက်သွားတော့သည်။ ယင်းသို့ စနစ်ကြီးတခုလုံး ဘုံးဘုံးလဲ ပြိုကျခါနီးတွင် ဆင်းရဲသားဥပဒေ ၁၆၀၁ ကို ပြဋ္ဌာန်းလိုက်သည်။ ဆင်းရဲသားများကို ဥပဒေကြောင်းအရ ထောက်ပံ့ဖို့ ကျယ်ပြန့်သည့် မူဘောင်တခု ပေးအပ်နိုင်စေရန် ဖြစ်သည်။ ကိုယ့်အပြစ်ကြောင့်မဟုတ်ဘဲ အလုပ်လက်မဲ့ ဖြစ်နေသူများကို ထောက်ပံ့ရန်၊ အိမ်ခြေရာမဲ့များ သူတောင်းစားများအား ပြစ်ဒဏ်ပေးရန်အတွက် ထိုဥပဒေက အဓိက ရည်ရွယ်သည်။ ထို့အပြင် ထိုဥပဒေသည် ယခင်ကရှိခဲ့ဖူးသော ဆင်းရဲသားဥပဒေများကို တစုတစည်းတည်း ဖြစ်စေခဲ့သည်။
ထိုဥပဒေသည် ကျူဒါဘုရင် နယ်မြေအားလုံးနှင့် သက်ဆိုင်သော်လည်း ထိုဥပဒေပါ ပြဋ္ဌာန်းချက်များကို တချို့နေရာများတွင်သာ ကွက်ကျားကျင့်သုံးခဲ့ကြပါသည်။ နယ်မြေတခုချင်းစီသည် ဆင်ရဲသားအခွန်ကို ပစ္စည်းရှင်များထံမှ ကောက်ခံကာ မရှိဆင်းရဲသားများအတွက် ထောက်ပံ့ပေးအပ်ကြရသည်။ မိမိသဘောအလျောက် လုပ်ကိုင်ချင်သော မြို့နယ်ကြီးကြပ်သူနှစ်ဦးကို နှစ်စဥ်ရွေးချယ်ကာ ဆင်းရဲသားအခွန် သတ်မှတ်ဖို့၊ ပစ္စည်းပိုင်ရှင်များထံမှ အခွန်ကောက်ခံဖို့ လိုအပ်နေသူများထံ ငွေကြေး (သို့မဟုတ်) အစားအစာဝေပေးဖို့ တာဝန်ပေးကြသည်။ ထို့အပြင် ထောက်ပံ့ခံရသော ဆင်းရဲသားများကိုလည်း တဖက်က အတင်းအကျပ် ဖိအားပေးကာ အလုပ်လုပ်ခိုင်းသည်။ ထိုဥပဒေတွင် မိဘဝတ် သားသမီးဝတ်များလည်း ထည့်သွင်းဖော်ပြထားသည်။
စင်စစ်တော့ ဆင်းရဲသားများ၏ဒုက္ခသည် လူ့အဖွဲ့အစည်းတခုလုံး၏ ဒုက္ခဆိုသည့် အယူအဆကို ပုံသွင်းစေခဲ့ခြင်းဖြစ်သည်။ ဆင်းရဲသားများနှင့် ချို့တဲ့သူများကို ထောက်ပံ့ရန် အခွန်ကောက်ရမည် ဆိုသည်မှာ စံနှုန်းတခု ဖြစ်လာခဲ့ပါသည်။ ဆင်းရဲသားများကို ပရဟိတတခုတည်းနှင့် ထောက်ပံ့လို့ မရတော့ချေ။ တတ်နိုင်သူများထံမှ အခွန်ကောက်ပြီး ထောက်ပံ့ခြင်းဆိုသည့် ဥပဒေရေး တာဝန်တရပ်သည် မဖြစ်မနေ လိုအပ်လာပါတော့သည်။
၁၆၀၁ ဆင်းရဲသားများ ဥပဒေအရ ထောက်ပံ့မှုတွေကို outdoor နဲ့ indoor ဆိုပြီး နှစ်မျိုး ခွဲခြားထားသည်။ outdoor ထောက်ပံ့မှုအရ ဆင်းရဲသားများမှာ သူတို့နေအိမ်မှာပဲ နေထိုင်ခွင့်ရကြသည်။ ငွေကြေးထောက်ပံ့မှု၊ အဝတ်အစားနှင့် အစားအသောက်တွေလည်း ရရှိကြသည်။ Indoor ထောက်ပံ့မှုမှာ အိမ်ခြေရာမဲ့ ဆင်းရဲသားများကို ဂေဟာတွေ၊ မိဘမဲ့ကျောင်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာထားသည့် အစီအစဉ်ပဲဖြစ်သည်။ ထိုကဲ့သို့ နေရာတွေမှာပဲ ဆင်းရဲသားများက အလုပ်လုပ်ကြရသည်။
ကိုယ်လက်အင်္ဂါ မသန်စွမ်းလို့၊ အိုမင်းလို့၊ မျက်မမြင်လို့ စသည့်အကြောင်းတွေကြောင့် အလုပ်မလုပ်နိုင်သူများကို ဂေဟာနှင့် ဆေးရုံများတွင် နေစရာ ထောက်ပံ့ပေးကြသည်။ ခန္ဓာကိုယ် သန်စွမ်းသည့်တိုင် ဆင်းရဲသားဖြစ်ပါက အလုပ်စခန်းတွေကို ပို့ကြသည်။ အဲ့ဒီနေရာများတွင် ကုန်ကြမ်းအလုပ် လုပ်ကြရသည်။ ထိုနေရာများရှိ အခြေအနေတွေက တော်တော်လေး တင်းကျပ်သည်။ ဆိုးရွားသည်။ ထိုသို့လုပ်ရခြင်းမှာ အများပြည်သူဝန်ဆောင်မှု တခုတည်းအပေါ်ကို မှီခိုတာမျိုးမဖြစ်အောင်၊ ဆင်းရဲတွင်းထဲ ကျမသွားရအောင် အဟန့်အတားတခုအနေဖြင့် ထားရှိသည်ဟု ဆင်ခြေပေးခဲ့ကြသည်။
လူလေလူလွင့်များ၊ ပျင်းရိသူများကို အကျဥ်းထောင်ကိုပို့သည်။ ထိုနေရာများတွင်လည်း အခြေအနေတွေကတော့ ထူးမခြားနားဖြစ်သည်။ အကျဥ်းထောင်များတွင် သူတို့က အလုပ်ကြမ်းများ လုပ်ကြရသည်။ ဥပမာ- ကြိုးကျစ်ဖို့ လျှော်ပင်တွေကို ရိုက်ကြရတာမျိုး။
ထို ဆင်းရဲသားများအက်ဥပဒေ၏ အကျိုးသက်ရောက်မှုမှာ တဒေသနှင့် တဒေသတော့ မတူညီကြပါ။ တချို့ဒေသများတွင် ဆင်းရဲသားများအပေါ် ရက်ရက်ရောရော၊ ညင်ညင်သာသာ ဆက်ဆံကြတာရှိသည့်တိုင် တချို့ဒေသတွေမှာတော့ ဆင်းရဲသားများမှာ အတော်ဆိုးရွားစွာ ဆက်ဆံခံကြရသည်။ လူတော်များများကတော့ ဆင်းရဲသားတွေကို အခြားသော အရပ်ဒေသတွေဆီ ပြောင်းရွှေ့ဖို့ အားပေးခြင်းဖြင့် သူတို့အပေါ်ကျရောက်လာမည့် တာဝန်များကို ဆင်းရဲသားတွေထံ လွှဲအပ်ပေးဖို့ ကြိုးစားကြပါသည်။ မည်သို့ရှိစေ ဆင်းရဲသားများ အက်ဥပဒေမှာ ဆင်းရဲတွင်းနက်သည့် ပြည်သူတွေအတွက် အခြေခံထောက်ပံ့မှုပေးသည့်နေရာမှာ သာဓကတခုလို့ ဆိုရမှာပဲဖြစ်သည်။ ထို့အပြင် အဲ့ဒီဥပဒေမှာ ရာစုနှစ် နှစ်ခုကျော်ကြာအောင် အောက်ခြေသန်းတထောင်အတွက် လုံခြုံမှုကွန်ရက်တခုသဖွယ် ဖြစ်ခဲ့သည်။
ဆင်းရဲမှုအတွက် အပြစ်ဒဏ်
ဆင်းရဲသားများအက်ဥပဒေအရ ပေးကမ်းမျှဝေရမည်ဆိုသည့် အယူအဆမှာ အဓိကဖြစ်သည့်တိုင် ထိုဥပဒေကို အသွားနှစ်ဖက်ပါသည့် ဓားတချောင်းလို့ ဆိုနိုင်ပါသည်။ အဲ့ဒီဥပဒေအရ တဖက်တွင် ဆင်းရဲသားများကို ထောက်ပံ့မှုရှိသလို အခြားတဖက်တွင်လည်း ဆင်းရဲသည့်အတွက် အပြစ်ပေးတာများလည်း ရှိသည့်အတွက်ကြောင့် ဖြစ်သည်။
ဆင်းရဲမှုသည် ပြစ်မှုဖြစ်သည် ဆိုသည့် ပြဿနာမှာ စက်မှုတော်လှန်ရေး စတင်ခဲ့သော ၁၈ ရာစုနှောင်းပိုင်းတွင်တော့ အင်္ဂလန်တဝန်း အရေးကြီး ပြဿနာတခု ဖြစ်လာခဲ့ပေသည်။ ထိုအချိန်တွင် အင်္ဂလန်၏ မြို့နေလူဦးရေမှာလည်း အဆမတန် များပြားလာခဲ့သည်။ စက်မှုလုပ်ငန်းရှင်များက သူတို့စက်ရုံများအတွက် အလုပ်သမားတွေ ပိုမိုလိုအပ်လာခဲ့သည်။ တချိန်တည်းလိုပင် တွေးခေါ်ရှင်၊ ဥပဒေသမား၊ လူမှုပြုပြင်ရေးသမား ဘွဲ့အမည်ခံ ဂျရမီ ဘင်သန်က ဆင်းရဲသားထောက်ပံ့မှု အစီအစဥ်မှာ ထိန်းသိမ်းကြပ်မတ်ဖို့၊ အပြစ်ဒဏ်ပေးဖို့ မူဘောင်ရှိရမည့်အကြောင်း ပြောဆိုခဲ့သည်။
တချိန်တည်းမှာပင် နိုင်ငံရေးဘောဂဗေဒပညာရှင် ဒေးဗစ်ရီကာဒိုကတော့ ဆင်းရဲသားထောက်ပံ့မှု ဘယ်ဥပဒေမဆို လုပ်အားခဥပဒေတွေကို အဟန့်အတား ဖြစ်စေကြောင်း ဝေဖန်ပါတယ်။ လုပ်အားခဥပဒေတွင် လုပ်အားခများကို လုပ်အားလိုအပ်ချက်အရ ပေးရမည်ဟု သတ်မှတ်ထားသည်။
အဲ့ဒီလို အယူအဆအမျိုးမျိုးအပေါ် အခြေခံကာ ၁၈၃၄ ခုနှစ်တွင် ဆင်းရဲသားဥပဒေသစ် ပေါ်ပေါက်လာခဲ့သည်။ ထိုဥပဒေအရ ‘Outdoor’ ထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီး အလုပ်သမားဂေဟာ (အလုပ်ရုံ) စနစ်ဖြင့် အစားထိုးလိုက်သည်။ ယင်းစနစ်အရ အလုပ်သမားများ၏ လုပ်ငန်းခွင်၊ လုပ်ငန်းပြင်ပ အခြေအနေများမှာ ပြင်းထန်ဆိုးရွားလာခဲ့ပေသည်။ အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်း၏ အိုလီဗာတွစ်(တ်) ဝတ္ထုထဲကလို အလုပ်ရုံများသည် အလုပ်သမားများအတွက် အိပ်မက်ဆိုးတခုလို ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ဆိုးရွားလှသည့် အလုပ်အခြေအနေများကို ဖျက်သိမ်းနိုင်ရန် နောက်ထပ် နှစ်ပေါင်း ၁၀၀ ကျော်ကြာ တိုက်ပွဲဝင်ခဲ့ရပြီး ၁၉၄၈ ရောက်မှသာ ခေတ်သစ်လူမှုဖူလုံရေးစနစ်ဖြင့် အစားထိုးနိုင်ခဲ့ပေသည်။