ရှမ်းရိုးရာနဲ့ပတ်သက်တဲ့ပွဲတွေမှာ ကကြဆိုကြလေ့ရှိတဲ့ “အေးမြတဲ့ဆောင်းတညမှာ မီးရောင်ထိန်ထိန် လူအများနဲ့ သီချင်းလေးနဲ့ စောင်းမြောင်းဆို” ဆိုတဲ့စာသားတွေနဲ့ ‘လတ်တီး’ သီချင်းကို ဖန်တီးရေးသားခဲ့တဲ့ ရှမ်းတိုင်းရင်းသား တေးရေး/တေးဆို အနုပညာရှင် စိုင်းဝိရဌ် (ခ) စိုင်းမောဝ့်ဟာ ဒီဇင်ဘာ ၂၈ ရက်က မန္တလေးမြို့ ဟေမာဇလရပ်ကွက်ရှိ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
သူဟာ ရင်ခေါင်းဝကင်ဆာ ဝေဒနာခံစားရတာကြာပြီဖြစ်ပြီး မနေ့ မနက် မနက် ၅ နာရီခွဲလောက်က ကွယ်လွန်သွားတာဖြစ်ကြောင်း၊ လပြည့်နေ့မှာ ကွယ်လွန်တာမို့ ရှမ်းထုံးစံအရ ရက်မကူးဘဲ မွန်းလွဲပိုင်း အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ကာ ၂၉ ရက်နေ့မှာ ရက်လည်ဆွမ်းသွတ်မယ်လို့ သားငယ်ဖြစ်သူ စိုင်းရှန်လျိုးက ဒီဗွီဘီကို ပြောပါတယ်။
စိုင်းဝိရဌ် ဟာ ၁၉၇၈ ခုနှစ်လောက်က “ငိုကြွေးနေတဲ့နှလုံးသား” လို့ အဓိပ္ပာယ်ရတဲ့ ရှမ်းသီချင်း အယ်လ်ဘန်စတင် ရေးသား/သီဆို ထုတ်ဝေခဲ့ပြီး ဝါသနာတူသူငယ်ချင်းတွေနဲ့ ပူးပေါင်းကာ တုံဂပူရီ (မိုးရိပ်) ဆိုတဲ့ ကိုယ်ပိုင်တီးဝိုင်းကိုလည်း ထူထောင်ခဲ့ပါတယ်။
လတ်တီး သီချင်းအပါအဝင် ဂန္ထဝင်သီချင်းသည်၊ မာယာရှင်မလေး၊ ရွှေသားစစ်စစ်၊ The Wild One သို့ သီချင်းတစ်ပုဒ် စတဲ့ တေးစီးရီးတွေ ထုတ်ဝေခဲ့ပြီး သူကိုယ်တိုင် ရေးသားသီဆိုတဲ့ မြန်မာသီချင်းတွေမှာ အပုဒ်ရေ ၃၀ ကျော်တယ်လို့ သားဖြစ်သူက ပြောပါတယ်။
ရှမ်းသီချင်းတွေမှာလည်း ကိုယ်ပိုင်အယ်လ်ဘမ် ၃ ခုအပြင် တခြားတေးသံရှင်တွေမှာ တွဲဖက်သီဆိုပြီး သီချင်းအပုဒ်ရေ ၃၀ ကျော် ရေးသားသီဆိုခဲ့ပါတယ်။
အနုပညာရှင်တယောက်အနေနဲ့ သူရေးသားသီဆိုတဲ့ သီချင်းပုဒ်ရေ များတယ်လို့ မဆိုသာပေမဲ့ သီချင်းတိုင်းမှာ ထူးခြားတဲ့အတွေးအခေါ် သာယာနာပျော်ဖွယ် သံစဉ်တွေဖြစ်တဲ့အတွက် ရှမ်းဂီတ လောကမှာ လူကြိုက်များသလို မြန်မာပရိသတ်တွေကလည်း လက်ခံအားပေးခဲ့ကြပါတယ်။
တေးသံရှင် ဘိုဖြူ ပြန်ဆိုထားတဲ့ "လတ်တီး" သီချင်းမူရင်းမှာ ဂုံရှမ်းဘာသာဖြစ်ပြီး ညချမ်းလို့ အဓိပ္ပာယ်ရပါတယ်၊ တောင်ပေါ်ဆောင်းည ရိုးရာမီးပုံပွဲမှာ မောင်မယ်တွေ ယမုံးအက အတူကရင်း နှုတ်ဆက်ကြတဲ့အကြောင်း ဖွဲ့နွဲ့သီဆိုထားပါတယ်၊ အဆိုပါရှမ်းသီချင်းကို အခြေခံပြီး မြန်မာလို ပြန်လည်ရေးစပ်သီဆိုခဲ့တာ ဖြစ်ပါတယ်။
သား နှစ်ယောက်ဟာလည်း ဖခင်ထံကနေ အနုပညာအမွေဆက်ခံပေမဲ့ အပျော်တမ်းသာ သီဆိုကြကြောင်း၊ အနုပညာရှင်တဦးရဲ့ သားဖြစ်ရတဲ့အပေါ် ဂုဏ်ယူပြီး အဖေ နောက်ဆုံးသီဆိုခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ “ရာသီပြောင်းချိန်” သီချင်းမှာ ပါဝင်တီးခတ်ပေးခဲ့ရအတွက် ဝမ်းသာတယ်လို့လည်း သားဖြစ်သူက ပြောပါတယ်။
စိုင်းဝိရဌ်ဟာ ကျိုင်းတုံမြို့ နွဲ့နောရပ်ဇာတိဖြစ်ပြီး တေးရေး/တေးဆိုတာ အပြင် သစ်အချောထည်လုပ်ငန်းပါ လုပ်ကိုင်ပါတယ်။ ဇနီးဖြစ်သူ ဒေါ်နန်းခမ်းဖောင်နဲ့ စိုင်းရှန်လျန်း (ကွယ်လွန်)၊ စိုင်းရှန်လျို ဆိုတဲ့ သား နှစ်ယောက် ထွန်းကားခဲ့ပါတယ်။