Home
မြန်မာသတင်း
ချင်းပြည်နယ်ရှိ စစ်တပ်စခန်းနှင့် မြို့များကို ဆက်လက်ထိုးစစ်ဆင်ရန် ချင်းတပ် များပြင်ဆင်
DVB
·
December 27, 2023
CDF_20122023

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေနဲ့ မြို့တွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ချင်းတော်လှန်ရေးတပ်တွေ ပြင်ဆင်နေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) က ဒီဗွီဘီကို ပြောပါတယ်။

အခု ပွင့်လင်းရာသီမှာ ချင်းပြည်နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေနဲ့ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်နယ်ရဲ့  ၈၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီးတဲ့နောက်   နောက်ထပ်ထိုးစစ်တွေအတွက် ပြင်ဆင်နေတာပါ။

ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ဆီကို မြေပြင်တပ်ကူတွေကို မပို့နိုင်ဘဲ လတ်တလောမှာ မင်းတပ် နဲ့ မတူပီဒေသတွေက ပြည်သူတွေရဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ချင်းအမျိုးသားတပ်မတော်ပြောခွင့်ရသူ  ဆလိုင်းထက်နီက ပြောပါတယ်။

“အခုဖြစ်နေတာက စစ်ကောင်စီက မြေပြန့်ကနေ တက်မလာနိုင်တော့ဘဲ ကျနော်တို့က ထိုးစစ်ဖော်ဆောင်နေတာ။ ပွင့်လင်းရာသီမှာ မြို့ ၃ မြို့ကို သိမ်းနိုင်ခဲ့တယ်။ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာတို့ကို သိမ်းနိုင်ခဲ့တယ်။ ပွင့်လင်းရာသီရောက်တော့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ခဲ့တယ်။ ဆက်ပြီးတော့ ဖော်ဆောင်သွားဖို့ အခုပြင်ဆင်ထားတယ်။ ဒီနှစ်မှာ တဖွဲ့တည်း စစ်ဆင်ရေးဖော်ဆောင်တာမဟုတ်ဘဲနဲ့ CNA နဲ့ အတူ ဒေသကာကွယ်ရေးတပ်တွေ ပူးတွဲပြီး လက်တွေ့အသုံးချတာဖြစ်ပါတယ်။”

ချင်းတော်လှန်ရေးတပ်တွေအနေနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ရိဒ်ခေါဒါရ်ကို သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး လုပ်ဆောင်နေတာ တလကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

ရေဇွာနဲ့ လိုင်လင်းပီမြို့တွေမှာလည်း ဒေသခံပြည်သူတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ဝန်းရံပေးသွားမယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“ကျနော်တို့က ကာကွယ်ရေးနဲ့ လုံခြုံရေးကို အဓိကဆောင်ရွက်ပေးမှာ ဖြစ်တယ်။ အခုလည်း ရေဇွာနဲ့ လိုင်လင်းပီမှာ စစ်ဘေးရှောင်ပြည်သူတွေအားလုံး ပြန်မလာနိုင်သေးတဲ့ အနေအထားရှိတယ်။ သူတို့က လေကြောင်းရန်ကို စိုးရိမ်တာဖြစ်တယ်။ အခုကတော့ တဖြည်းဖြည်း ပြန်ဝင်ရောက်လာပြီ။ အခုက ဒေသခံပြည်သူတွေ အုပ်ချုပ်ရေးကို ဖြည်းဖြည်းချင်း တစတစ ဖော်ဆောင်နေပါတယ်။” 

၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်လာပြီးတဲ့နောက် ချင်းပြည်နယ်အပြင်  ရှမ်းမြောက်၊ ကရင်နီ၊ ကရင်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံနေရာအနှံ့မှာ စစ်ကောင်စီဟာ သူတို့စိုးမိုးနယ်မြေတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီကို  ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေအနေနဲ့လည်း တော်လှန်ရေးအရှိန်ကို အခုထက်ပိုပြီး မြှင့်တင်ကြဖို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက   တိုက်တွန်းထားပါတယ်။ 

သီဟ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024