မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ အာဏာရပါတီရဲ့ အဓိက အစည်းအဝေးကို စတင်လိုက်ပြီး နှစ်သစ်အတွက် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေ ထုတ်ဖော်မယ့် အစီအစဉ်တွေကို ချမှတ်ခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က ဒီဇင်ဘာ ၂၇ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက် အစည်းအဝေး ပထမနေ့မှာ တက်ရောက်လာသူတွေဟာ အဓိက လုပ်ငန်းစဉ် ၆ ရပ်ကို ဆွေးနွေးခဲ့ကြပြီး အခုနှစ်ရဲ့ မူဝါဒနဲ့ ဘတ်ဂျက် အကောင်အထည်ဖော်မှု၊ ၂၀၂၄ ခုနှစ် ဘတ်ဂျက်မူကြမ်းနဲ့ ပါတီရဲ့ ခေါင်းဆောင်မှုကို အားကောင်းစေမယ့် နည်းလမ်းတွေအကြောင်း ပါဝင်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
၈ ကြိမ်မြောက် ကိုရီးယားအလုပ်သမားများပါတီ ဗဟိုကော်မတီရဲ့ ၉ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
တနှစ်တာအတွင်း မြောက်ကိုရီးယားဟာ သူ့ရဲ့အခြေခံဥပဒေမှာ နျူးကလီးယားမူဝါဒကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး သူလျှိုဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကာ တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။
လတ်တလောနှစ်ပိုင်းတွေမှာ ပါတီနဲ့ အစိုးရအရာရှိတွေရဲ့ ရက်ရှည်အစည်းဝေးပွဲတွေကို အဓိကမူဝါဒ ထုတ်ပြန်ချက်တွေကို လုပ်ဆောင်ရာမှာ အသုံးပြုခဲ့ပါတယ်။ အရင်က နိုင်ငံပိုင်မီဒီယာဟာ နှစ်သစ်ကူးနေ့မှာ ကင်မ်ရဲ့မိန့်ခွန်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters