ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ သံတံတားအနီး လယ်ကွက်ထဲမှာ မြက်ရိတ်နေတဲ့ အမျိုးသားတယောက် ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီလောက်က ရှင်လောင်းလှည့်လာတဲ့ ဆင်နင်းခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ အုန်းပင်ကျေးရွာက အသက် ၆၀ ကျော်အရွယ် ဦးစိန်ဝင်း ဖြစ်ပြီး သူ့ရဲ့လယ်ကွက်ထဲမှာ မြက်ရိတ်နေတဲ့အချိန် မအူပင်ကျေးရွာမှာပြုလုပ်တဲ့ ရဟန်းခံရှင်ပြု အလှူမှာ ရှင်လောင်းလှည့်ရာကနေ မုန်ယိုပြီး ထွက်ပြေးလာတဲ့ဆင်က တက်နင်းသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အဲ့ဒီဆင်နဲ့ ရဟန်းလောင်း၊ မောင်ရင်လောင်းတချို့ကို တင်တာ၊ မအူပင်ကျေးရွာကနေ ဒိုးပင်သောင်၊ သံတိုင်ခင်ကျေးရွာက အမျိုးတွေကို လှည့်ပတ်ကန်တော့တာ။ သံတိုင်ခင်ကျေးရွာ အရောက်မှာ ရဟန်းလောင်းနဲ့ ရှင်လောင်းတွေ ခဏချပြီး နားနေတာ။ ဆင်က မုန်ယိုပြီး ရုတ်တရက် ထွက်ပြေးသွားတာ။ ပြေးသွားပြီး ခဏအကြာ အခုလို ဖြစ်တာပဲ။ ဆင်ကိုတော့ ပြန်ဖမ်းမိထားပြီ” လို့ ပြောပါတယ်။
ဆင်နင်းခံရလို့ ဦးစိန်ဝင်းမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ် ပြားသွားပြီး နေရာမှာပဲ သေဆုံးသွားကာ သူ့ရဲ့ရုပ်အလောင်းကိုတော့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ပေးထားရပါတယ်။
အုတ်တွင်းမြို့နယ်မှာ ရှင်ပြု၊ ရဟန်းခံ၊ ရှင်လောင်းလှည့်တဲ့အခါ ဆင်တွေ၊ မြင်းတွေကို ဓလေ့တခုအနေနဲ့ အသုံးပြု လှည့်လည်ကြပြီး အခုလို ရှင်လောင်းလှည့်တဲ့ ဆင်နင်းလို့ လူသေဆုံးတာဟာ ပထမဆုံးဖြစ်ပွားတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။