စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ဖလံချိုင်ရွာက စစ်ဘေးရှောင် သက်ကြီးရွယ်အို အမျိုးသမီးကြီး ၂ ယောက် ဒီဇင်ဘာ ၂၄ ရက်က သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၈၇ နှစ်အရွယ် အဘွား ဒေါ်အုန်းရွှေက မနက် ၁၁ နာရီကျော်မှာ ကွယ်လွန်ပြီး အသက် ၉၂ နှစ်အရွယ် အဘွား ဒေါ်အေးကြံကတော့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်မှာ ကွယ်လွန်ခဲ့တာလို့ သူတို့နဲ့နီးစပ်တဲ့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
“ကျမတို့ ရွာတွေဘက် စစ်ကြောင်းထွက်လာတယ်ကြားရင် ကိုယ့်ရွာနဲ့မနီးလည်း အရင်ရက်ကတည်းက ကြိုရှောင်ကြရတာ။ ကြောက်တော့ ဘယ်သူမှ မနေရဲဘူး။ သက်ကြီးရွယ်အိုလည်း ရွာထဲမထားရဲဘူး။ စစ်တပ်က ဖမ်းမိရင် သက်ကြီးရွယ်အိုလည်းမသိ၊ စိတ်ကျန်းမာရေး မကောင်းတာတောင် မီးရှို့သတ်တာဆိုတော့ ဘယ်သူမှမနေရဲကြဘူး၊ အကုန်ရှောင်ကြရတာ။ ဆောင်းရာသီလည်းဖြစ်တော့ အတော်အေးတယ်။ ဘေးကအနီးနားရွာတွေ ရှောင်ရသလို အနီးအနားတောထဲ တဲထိုးရှောင်ကြရတာတွေက များတာ။ လူကြီးတွေဆိုတော့ ကြောက်စိတ်၊ စိုးရိမ်စိတ် များကြသလို ကိုယ့်အိမ်ကိုယ့်ယာလို လုံလုံခြုံခြုံ နွေးနွေးထွေးထွေး မဟုတ်တော့ အအေးဒဏ် မခံနိုင်တာလည်း ပါတာပေါ့။ အဲ့ဒါကြောင့် အခုလို သေဆုံးသွားကြတာပါ။”
ကွယ်လွန်သွားတဲ့ အမျိုးသမီးကြီး ၂ ဦးဟာ အသက်အရွယ် ကြီးနေပြီဆိုပေမဲ့ ကိုယ့်အိမ်မှာသာ အေးဆေးနေခွင့်ရရင် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှား ရှိနေဦးမှာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးရှောင် အမျိုးသမီးတဦးကလည်း “စစ်ရှောင်ရတာ မလွယ်ဘူး။ ကိုယ့်မိသားစုကြီးပဲ တစုတစည်းတည်း တွေ့ချင်မှတွေ့တာ။ လာကြိုတဲ့ ကားတို့ လှည်းတို့နဲ့ ကြုံရင်ကြုံသလို လိုက်ရတာ။ ခြေလျင်ပြေးတဲ့သူလည်း ပြေးပါ့။ တခါတလေ မိဘနဲ့ သားသမီး တကွဲစီ၊ အဖေ အမေက ဟိုဘက်ရွာ စစ်ရှောင်နေရပြီး သားသမီးက တခြားရွာမှာ ရောက်နေတာမျိုးတွေလည်း ရှိတယ်။ မိသားစုတွေ ပြန်စုပေးဖို့ မလွယ်တာကြောင့် သက်ကြီးရွယ်အိုတွေဆို အနီးအနားက စစ်ရှောင်တွေကပဲ ကူညီစောင့်ရှောက်ပေးရတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ ချင်မြစ်ကျင်း၊ ဖလံချိုင်၊ သရက်ခေါင်းနဲ့ ညောင်ဇင်ကြီး စတဲ့ ကျေးရွာ ၆ ရွာက အပြစ်မဲ့ ပြည်သူ ၁၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာကာ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။