မလေးရှားနိုင်ငံ၊ ဘူကစ်ကာဟစ်တန်မြို့အနီး ရော်ဘာခြံထဲမှာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ထိုင်းကနေ မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉ ဦးကို မလေးရှား စစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ Berita RTM မှာ ဖော်ပြပါတယ်။
မလေးရှား-ထိုင်း နယ်စပ်မှာရှိတဲ့ ဘူကစ်ကာဟစ်တန်မြို့အနီးမှာ မလေးရှားခြေမြန်တပ်ရင်း ၂ က ကင်းလှည့်နေစဉ် ရော်ဘာခြံတခုထဲမှာ မသင်္ကာစရာ လူတစုကို တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမေးမြန်းခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်အရ အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြား မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဟာ အလုပ်လုပ်ဖို့အတွက် ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ ဝင်ရောက်လာတာဖြစ်ပြီး သူတို့အားလုံး တရားဝင် အထောက်အထား စာရွက်စာတမ်း မပါရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသား ၉ ဦးထံက လက်ကိုင်ဖုန်း ၈ လုံးနဲ့ ကျပ်ငွေ၊ မလေးရှားငွေ စုစုပေါင်း တန်ဖိုး မလေးရှားရင်းဂစ် ၅,၀၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ မလေးရှားခြေမြန်တပ်ရင်း ၂ က ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၉ ဦးကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် မလေးရှားခြေမြန်တပ်ရင်း ၂ က ဘူကစ်ကာဟစ်တန်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးလာပါတယ်။