Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းများတွင် ရာသီတုပ်ကွေး ဖြစ်ပွားနေ
DVB
·
December 26, 2023
Karenni IDP_26122023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို အများစု ရာသီတုပ်ကွေး ဖြစ်နေကြပြီး ဆေးဝါးအခက်အခဲ ကြုံနေကြတယ်လို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်စခန်းရှိ လူဦးရေရဲ့ ၄ ပုံ ၁ ပုံလောက် ဆောင်းရာသီတုပ်ကွေး ဖြစ်ပွားနေကြပြီး ကလေးငယ်တွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၁၁၁၁ စစ်ဆင်ရေးဖြစ်ပြီးနောက်ပိုင်း ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်း ၇၀ ကျော် ရှိလာပြီး စခန်းတခုမှာ အနည်းဆုံး လူဦးရေ ၁၅၀ ကျော် ရှိတဲ့အတွက် စစ်ဘေးရှောင်ဦးရေ ၁၀,၀၀၀ ကျော် နေထိုင်နေကြရပါတယ်။

ရာသီဥတု အရမ်းအေးတဲ့အတွက် ရာသီအကူးအပြောင်းမှာ တုပ်ကွေးဖြစ်နေကြပြီး ပရဟိတ အဖွဲ့တွေ အနေနဲ့လည်း ဆေးဝါးဝယ်ယူဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ပြည်ကံ့ကော် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံ ကိုပြည်စုံက “ဖျားနာရင် မိုဘိုင်းဆေးကုပေးတဲ့ အဖွဲ့တွေဆီ ပြရတာပေါ့။ သူတို့ဖျားတဲ့အချိန် မိုဘိုင်းအဖွဲ့တွေမလာရင် အနီးအနားက ဆေးခန်းတွေမှာ သွားပြကြရတယ်။ သူတို့ ဆေးခန်းသွားပြဖို့ ဆိုင်ကယ်ဆီ မတတ်နိုင်ကြလို့ ကျနော်တို့ကို ဆက်သွယ်လာရင် ဆေးခန်းလိုက်ပို့ပေးတယ်။ ဆိုင်ကယ်ဆီကလည်း တဘူးကို ၇,၀၀၀ လောက်ပေးရတယ်၊ ဝယ်ရအရမ်းခက်တယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတချို့ကို ပိတ်ထားတာကြောင့် ကုန်စျေးနှုန်းတွေ အဆမတန် စျေးမြင့်တက်နေပြီး စစ်ဘေးရှောင်တွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024