Home
မြန်မာသတင်း
မြောက်ဦးအမွေအနှစ်ဇုန်ကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေဟု ရှေးဟောင်းသုတေသီ ပြော
DVB
·
December 26, 2023
MraukU_26122023

မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာက အမွေအနှစ်ဇုန်ကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး မြောက်ဦးကို ဖျက်ဆီးနေတာလို့ ရှေးဟောင်းသုသေတန ပညာရှင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ မြောက်ဦးယဉ်ကျေးမှုပြတိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် နန်းတော်ရာကုန်းပြတိုက်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ရှေးဟောင်းကျောက်စာတွေထားတဲ့ပြခန်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည် ထိမှန်တာကြောင့် ကျောက်စာတွေနဲ့ အဆောက်အဦ နေရာတချို့ ပျက်စီးခဲ့တယ်လို့ မြောက်ဦးဒေသခံတယောက်က ပြောပါတယ်။

“လူကတော့ ပြတိုက်ထဲမှာ မအိပ်လို့ ထိခိုက်မှုမရှိခဲ့ဘူး။ အခုဆိုရင် အဲဒီမှာနေတဲ့သူတွေလည်း တယောက်မှ မရှိတော့ဘူးထင်တယ်။ ပြတိုက်ကတော့ နန်းရာကုန်း ပထမထပ်က ပြတိုက်ပါ။ ကျောက်စာတွေ ထိခိုက်ပျက်စီးသွားပြီး ဘာကျောက်စာလဲ ဆိုတာတော့ မသိရသေးဘူး။ ဒရုန်းနဲ့မဟုတ်ဘူး အ‌ေမြာက်နဲ့ပစ်တာပါ။ အဆောက်အဦကတော့ ပေ ၂၀ ပတ်လည်လောက် ပျက်စီးသွားတယ်။”

ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းအစောပိုင်း ရခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဟာ အမွေအနှစ်ဇုန်ကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က ပြောပါတယ်။

“မြောက်ဦးကို ကျနော်တို့က ကမ္ဘာ့အမွေအနှစ်စာရင်း တင်ထားတယ်။ nominated ဝင်ထားတယ်ပေါ့။ မြောက်ဦးသည် နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ခံပြီး နိုင်ငံတော်အမွေအနှစ်လည်း ဖြစ်တယ်၊ မြောက်ဦး နန်းတော်ရာပေါ့။ နန်းတော်ရာအတွင်းထဲမှာ ဒီပြတိုက်က ရှိတာ။ အဲတော့ အမွေအနှစ်ဇုန်ရဲ့ အလည်တည့်တည့် ဗဟိုချက်မ ကျတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ကျနော်တို့က သုံးသပ်တယ်။ ကာကွယ်ဖို့ ဘယ်နည်းလမ်းရှိလဲဆို ဒီအမွေအနှစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တယ် ဆိုတဲ့ဟာတွေကို ကျ‌နော်တို့က ဒီဘက် ခုခံနေတဲ့ အုပ်စုတွေဘက်က CSO တွေ တော်လှန်ရေးအင်အားစုတွေ အားလုံးကလည်း ဒီလိုတိုက်ခိုက်မှုမျိုးကို ကမ္ဘာသိအောင် အုံနဲ့ကျင်းနဲ့ ပြောတာမျိုး နိုင်ငံတကာမီဒီယာတွေပေါ် ရောက်သွားအောင်လို့ ဒါမျိုးဆို နည်းနည်းတန့်သွားမယ်လို့ ယူဆတယ်ပေါ့။”

ထိခိုက်ပျက်စီးသွားတဲ့ မြောက်ဦးဒေသတွင်း အမွေအနှစ်တွေနဲ့ပတ်သက်လို့ လက်နက်ကိုင် ပဋိပက္ခအတွင်း မြန်မာနိုင်ငံက အမွေအနှစ်တွေကို ကာကွယ်တားဆီးရေး လုပ်ဆောင်နေတဲ့ Save the Heritage အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

ရခိုင်လူမျိုးတမျိုးသားလုံးရဲ့ အမွေအနှစ်တွေ၊ သမိုင်းကျောက်စာတွေ ထားရှိတဲ့ ပြတိုက်ကို ပစ်ခတ်တိုက်ခိုက်တဲ့အပေါ် ရခိုင်တိုင်းရင်းသားအားလုံးကလည်း ခံပြင်းဒေါသထွက်နေကြတယ်လို့ ရခိုင်တိုင်းရင်းသူတယောက်က ပြောပါတယ်။

“လူတွေသိဖို့လိုတာကလေ မင်းအောင်လှိုင်လက်ထက်မှာ ကျောက်စာတွေတောင်မှ ကျည်ဆန် ဇကာပေါက်ဖြစ်အောင် လုပ်နိုင်တဲ့သူမျိုး၊ ယဉ်ကျေးမှုအမွေအနှစ် ပြတိုက်ကို တိုက်ခိုက်တယ်ဆိုတော့ ယဉ်ကျေးမှုမရှိတဲ့လူတွေပေါ့၊ ယဉ်ကျေးမှုအမွေအနှစ် မရှိတဲ့သူတွေပေါ့၊ မျိုးမစစ်တွေ တိုက်ခိုက်တာပေါ့။ ကျောက်စာတိုင်တချပ်မှာ ကျည်ဆန်ရာထင်စရာ ဘာအကြောင်းမှမရှိ၊ ကျောက်စာတိုင်တွေမှာ ကျည်ဆန်ရာတွေ ထင်ကျန်ခဲ့တာ အဲဒါ သူတို့သမိုင်းပဲ။ မြောက်ဦးက အစွန့်ပစ်ခံထားရတာကြာပြီ၊ စွန့်ပစ်ရုံတင်မကဘူး၊ အခု ဖျက်ပါ ဖျက်ဆီးတယ်။”

မြောက်ဦးကို ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်ထိ ၃ နှစ်ဆက်တိုက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုကို မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ၅၄၀၊ ၃၇၇၊ ၃၇၈ နဲ့ အမှတ် ၃၁ ရဲတပ်ရင်းတို့က လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်ပြီး ပြတိုက်နဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းလည်း ထိခိုက်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

စစ်တပ်က လူသားမျိုးနွယ်ပေါ် ပြစ်မှုကျူးလွန်တာနဲ့ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့အတွက် ရခိုင့်တပ်တော် (အေအေ) အနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024